Pages

Saturday, October 20, 2012

နိမိတ်ကိုကစားတတ်သောဒါယကာကြီးတစ်ဦး post by Myomyat Thu

တစ်ချိန်က တောရစခန်းတစ်ခုတွင် ယောဂီဒါယကာကြီးတစ်ဦး နှင့်ဆုံခဲ့ဖူး၏။ ထိုဒါယကာကြီးကား အာနာပါန ကမ္မဋ္ဌာန်းကို နှစ်ရှည်လများ အချိန်ကြာမြင့်စွာ အားထုတ်နေသူ တစ်ဦးဖြစ်၏။ သမာဓိမှာ အလွန်အားကောင်း၍ နိမိတ်ကိုလည်း လိုသလိုကစားနိုင်သူ တစ်ဦးဖြစ်၏။ အဝေးအနီးအလိုရှိရာ အရပ်သို့တိုင်အောင် ထိုနိမိတ်ကို စေလွှတ်နိုင်၏ ၊ အလွန်အားကောင်းသည့် သင်္ဘောဆလိုက်မီး ကဲ့သို့ မိမိအလိုရှိရာ အရပ်သို့တိုင်အောင် ထိုနိမိတ်ကိုစေလွှတ်ကာ ကြည့်နိုင်၏ ။ တဖန်ထိုနိမိတ်ကို တိုစေချင်က ထိုနိမိတ်မှာ ချက်ချင်းတိုသွား၏ ၊ ရှည်စေလိုလျှင်လည်း ချက်ချင်းရှည်သွား၏ ၊ ပုလဲလုံးဖြစ်စေဟု အဓိဋ္ဌာန်လိုက်လျှင် ချက်ချင်း ပုလဲလုံး ဖြစ်သွာ၏ ၊ ရွဲလုံးဖြစ်စေဟု အဓိဋ္ဌာန်လိုက်လျှင် ချက်ချင်း ရွဲလုံးဖြစ်သွား၏ ၊ ဘာဝနာသညာ ကွဲပြားသွားခြင်းကြောင့် နိမိတ်အမျိုးမျိုး ကွဲပြားသွားသည့် ထုံးတစ်ရပ် ပင်ဖြစ်၏ ။ သို့သော် ထိုဒါယကာကြီးကား ဈာန်သို့ဆိုက်သည့် တိုင်အောင်ကား မရှုပွားတတ် မရှုပွားနိုင်ဖြစ်နေ၏ ။ အကြောင်းမှာ ဝင်သက်လေ - ထွက်သက်လေ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း အရပ်တွင် တည်ရှိသော ဝင်သက်လေ - ထွက်သက်လေ နှင့်တစ်သားတည်းဖြစ်နေသော အာနာပါန ပဋိဘာဂနိမိတ် သက်သက်ကိုသာ စူးစူးစိုက်စိုက် မရှုသောကြောင့် ဖြစ်၏ ။ ဤစည်းကမ်းသတ်မှတ်ချက်ကို မလိုက်နာနိုင်သောကြောင့် သာလျှင် ဈာန်သို့ မကူးတက်နိုင်ခြင်း ဖြစ်၏ ။



တစ်ဖန် အထူးသတိပြုရန် အချက်တစ်ချက်မှာ ဤသို့ဖြစ်၏။ ယင်းကဲ့သို့ နိမိတ်ကို ရှည်စေ တိုစေ ပုလဲလုံးဖြစ်စေ ရွဲလုံးဖြစ်စေ ဝါစေ နီစေ ပြာစေ စသည်ဖြင့် နိမိတ်ကိုပုံသဏ္ဌန် အမျိုးမျိုး အရောင်အမျိုးမျိုး ဖြစ်အောင် ကြိုးပမ်းနေပါက ထိုသို့ကြိုးပမ်းနေသည့် ဝီရိယက လွန်ကဲလာပြန်သဖြင့် အာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ တရားက ဝင်နှောင့်နေရကား သမာဓိမှာ လျှောကျသွားတတ်ပေသည် ။ ထို့ကြောင့် နိမိတ်၏ ပုံသဏ္ဌန် အမျိုးမျိုး အရောင်အမျိုးမျိုး တို့ကိုနှလုံးမသွင်းဘဲ နိမိတ်အနေဖြင့်သာ နှလုံးသွင်းကာ စူးစူးစိုက်စိုက် ရှုနေပါ။



တစ်ဖန် နောက်ထပ် အထူးသတိပြုရန် အချက်တစ်ချက် ရှိနေပြန်သေး၏။ နိမိတ်ကို ပုလဲလုံးဖြစ်စေ ရွဲလုံးဖြစ်စေ စသည်ဖြင့်ပြုပြင်နေရာ၌ ယင်းနိမိတ်မှာ တကယ့် ပုလဲလုံးအစစ် ရွဲလုံးအစစ် ဖြစ်သွားသည်ကား မဟုတ် ၊ အထက်က အကြိမ်ကြိမ် ရှင်းပြခဲ့သည့် အတိုင်း ပုလဲလုံးဖြစ်စေလိုသည့် ရွဲလုံးဖြစ်စေလိုသည့် ဘာဝနာသညာနှင့် ယှဉ်တွဲနေသည့် ဘာဝနာ သမာဓိ နှင့်လည်း ယှဉ်တွဲနေသည့် ဉာဏ်ကြောင့်ဖြစ်ပေါ်လာသော စိတ္တဇ ရုပ်ကလာပ်နှင့် ယင်းစိတ္တဇရုပ်ကလာပ်တို့တွင် တည်ရှိသော တေဇောဓာတ် ဥတုကြောင့် ထပ်ဆင့်ဖြစ်ပွားလာသော စိတ္တပစ္စယ-ဥတုဇ ရုပ်ကလာပ်တို့၏ အရောင်အလင်း အစိုင်အခဲသာ ဖြစ်ပေသည်။ အလားတူပင် ယင်းနိမိတ်၏ အရောင်အလင်း အောက်၌ တည်ရှိသော ယင်းနိမိတ်ဖြင့်ထိုးစိုက်ကြည့်၍ တွေ့မြင်နေရသော အရာဝတ္ထုတို့မှာလည်း တကယ့်အမှန် တရားဟုကား ယူဆလို့မရနိုင်ပေ။ အကြောင်းမှာ ယင်းနိမိတ်မှာ ဘာဝနာသညာ ကွဲပြားလျှင် ကွဲပြားသွားတတ် သကဲ့သို့ အလားတူပင် ယင်းနိမိတ် အလင်းရောင်၏ အကူအညီဖြင့် တွေ့မြင်နေရသော အရာဝတ္ထုတို့မှာလည်း ကွဲပြားသွားနိုင်ပေသည်။ ဥပမာ - စူဠာမဏိစေတီတော်ကဲ့သို့သော အရာဝတ္ထုတစ်ခုတည်း ကိုပင် ယောဂီအများစု တို့က နိမိတ်၏ အရောင်အလင်း အကူအညီဖြင့် စူးစိုက်ကြည့်ရှုလိုက်ကြသော အခါ ယောဂီတစ်ဦး၏ တွေ့မြင်ရပုံ အခြင်းအရာနှင့် အခြား ယောဂီတစ်ဦး၏ တွေ့မြင်ရပုံ အခြင်းအရာ တို့မှာ မတူကွဲပြား ခြားနားသကဲ့သို့ မှတ်ပါ။



ဤအရာတွင် 。。အာနာပါနနိမိတ်၏ အရောင်အလင်း အကူအညီဖြင့် တွေ့မြင်ရသော အရာဝတ္ထုတို့မှာ ဒိဗ္ဗစက္ခု အဘိညာဏ်ကြောင့် ဖြစ်ပေါ်လာသည့် အလင်းရောင်အောက်တွင် တည်ရှိသာ အရာဝတ္ထုတို့ကို ဒိဗ္ဗစက္ခု အဘိညာဏ်စိတ်ဖြင့် တွေ့မြင်ရသကဲ့သို့ တိကျမှုကား မရှိနိုင် ။ ဒိဗ္ဗစက္ခု အဘိညာဏ် ကိုအလိုရှိသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ရှေးဦးစွာ .........

[ ဖားအောက်တောရ ဆရာတော်ကြီး၏ " နိဗ္ဗာန်သို့သွားရာ တစ်ကြောင်းတည်းသောလမ်း " ကျမ်းစာအုပ် ၊ နှာ ၁၆၃ မှ ကူးယူဖော်ပြပါသည် ]
အသေးစိတ် ဆက်လက်ဖတ်ရှုလိုပါက .. download at : http://www.dhammaweb.net/paauk/The_Only_Way_for_the_Realization_of_Nibbana.zip

No comments:

Post a Comment