Pages

Tuesday, October 30, 2012

ယပ်တောင်ပေါ်ကတရား ဘယ်လိုစီရင်မလဲ


 

ထိုပဌါန်းတရားတော်ကြီးကို သုံးသပ်ဆင်ခြင်တော်မူသော ထိုမြတ်စွာဘုရား၏ နဂိုက ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော ခန္ဓာကိုယ်ပေါ်မှ အလုံးစုံသော အရပ်မျက်နှာတို့သို့ ခြောက်သွယ်သော ရောင်ခြည်တော်တို့သည် စိတ်တော် ကြည်လင်သည့်အတွက် သွေးတော်အစရှိသည်တို့က သန့်ရှင်းကြည်လင်ခြင်းကြောင့် ထိုထိုဤဤ လှည့်လည်ပြေးလွှားကြလေကုန်သတည်း။

( အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ အခြေပြု ပဌါန်းတရားတော်။ )

 

 

ကျနော် လက်ဘက်ရည်ဆိုင်ထိုင်၍ သူငယ်ချင်းများနှင့် စကားစမြည်ပြောဆိုရခြင်းကို အင်မတန်နှစ်သက်ခုံမင်လှပါသည်။ ထို့ကြောင့် ညနေခင်းများစွာကို သူငယ်ချင်းများနှင့် လက်ဘက်ရည်ဆိုင်ထိုင်ရင်း ကျော်လွန်ဖြတ်သန်းရန် အိမ်နှင့် အတန်ငယ် ဝေးကွာလှသော လက်ဘက်ရည်ဆိုင်သို့ ခြေလျင်လျှောက်သွားလေ့ရှိသည်။ နွေမိုးဆောင်း ထိုအကျင့်က မပြောင်းခဲ့ပါ။

 

မိုးတွင်းတစ်ရက်တွင် အညိုးတစ်ကြီးနဲ့ ရွာချလိုက်သောမိုးသည် အရင်ရက်များထက် ပို၍သည်းထန်ပြီး မစဲတော့။ ထို့ကြောင့် လမ်းများအားလုံး ရေလွှမ်းသွားတော့သည်။ ကျနော်ကတော့ လဘက်ရည်ဆိုင်သို့ သွားမြဲသာ။ ဤသို့ဖြင့် ကျနော်နှင့် မျက်နှာချင်းဆိုင်တွင်နေထိုင်သော ကျနော်၏အဘိုးသည် တစ်မနက်တွင် ကျနော့်ကိုမေးမြန်းခဲ့၏။ "ငါ့သား မိုးတွေဒီလောက်ရွာနေတာ မင်း လက်ဘက်ရည်ဆိုင်ကို ဘယ်လိုများသွားတုန်း။ လမ်းတွေလည်း ရေတွေနဲ့ဆို။" "ဟုတ်တယ် ဘ၊ လမ်းတွေက ရေတွေနဲ့မို့ သား ဘုရားဝင်းထဲကနေ ဖြတ်သွားရတာ။" "အလို ငါ့သားရယ် ရေတွေထဲကနေ ဖြတ်သွားရင် ဖြတ်သွားပါ။ ဘုရားရှင်ကို ကန်တော့ဘို့မဟုတ်ဘဲ ဘုရားဝင်းကိုတော့ ဖြတ်လမ်းအနေနဲ့ မသုံးပါနဲ့။ တို့များ သဗ္ဗညုတရှင်တော်ကြီးကို အားနားစရာကွယ်။ နော်။"

 

ကျနော် တကယ့်ကို ကြက်သီးမွေးညင်းထသွားခဲ့တာပါ။

ဘာရယ်မဟုတ် တဒင်္ဂအသွားအလာအဆင်ပြေစေဖို့ ဘုရားဝင်းထဲကနေ ကျနော် ဖြတ်သွားခဲ့မိသည်။ သို့သော် ကျနော်၏ အပြုအမူသည် မရည်ရွယ်ခဲ့သော်လည်း ဘုရားရှင်တော်အား မရိုမသေ မလေးမြတ်ရာရောက်သွားခဲ့၏။ ကျနော့်အဖိုးကတော့ သူ့နှလုံးသားထဲမှာ ဘုရားရှိသည်။ ထို့ကြောင့် သတိမလွတ်။ ဘုရားရှင်နှင့် ဆက်စပ်သမျှကို အမြဲ အလေးအမြတ်ထားခဲ့သည်။

 

ဆိုရသော် အဖိုးသည် လမ်းသွားရင်း ကိုရင်လေးများ ကြွသွားသည်ကို မြင်လျှင်ပင် လက်အုပ်ချီ၍ စောင့်ဆိုင်းနေတတ်သည်။ လမ်းကို ဆက်မသွားပါ။ အိမ်ကဘုရားခန်းထဲတွင် ၀တ်ပြုပြီးလျှင်လည်း လက်အုပ်ချီရိုကျိုး၍ နောက်ပြန်လျှောက်ကာ အသာအယာထွက်ခွာတတ်သည်။

 

တကယ်တော့ ဤသည်မှာ ကျနော့်အဖိုးတစ်ယောက်တည်း၏ အမူအကျင့်မဟုတ်ပါ။ အဖိုးတို့ခေတ်က သက်ကြီးရွယ်အိုများ၏ သာသာရေး ဓလေ့စရိုက်တစ်ခုပင်ဖြစ်သည်။ ကျနော်သည် ဤသို့သော အဖိုး၏မြေးတစ်ယောက် ဖြစ်ပါလျှက်ကယ်နှင့် ဘာသာ သာသနာပေါ်တွင် အလေးအနက်မထားဘဲ နမော်နမဲ့ နိုင်လွန်းလှသည်။ ဤသို့ဖြင့် ထိုနေ့မှအစပြုကာ ကျနော်သည် ဘာသာ သာသနာနှင့် ဆက်စပ်သမျှသော အကြောင်းအချင်းအရာများကို ပေါ့ပေါ့တန်တန် သဘောမထားတော့ဘဲ အလေးအနက် ဆင်ခြင်ဆောင်ရွက်ခဲ့ပါ၏။ ထို့အတူ ကျနော်၏ပတ်ဝန်းကျင်ရှိ တစ်ပါးသောသူများ၏ ဘာသာ သာသနာနှင့် ဆက်စပ်သော အမှုကိစ္စများပေါ်တွင် ထားရှိသည့်သဘောထားနှင့် ဆောင်ရွက်ချက်များကိုလည်း သတိထားပြီး စောင့်ကြည့်နေခဲ့မိသည်။

 

နာရေးတစ်ခုမှပြန်လာသော အိမ်ရှင်မတစ်ယောက်သည် ကုသိုလ်ပြု၍ ကမ်းလိုက်သော ဆပ်ပြာမှုန့်ထုပ်ကို ကြောင်အိမ်ပေါ်တင်လိုက်သည်။ ထို့နောက် နာရေးယပ်တောင်ပေါ်မှ ကွယ်လွန်သူ၏ အမည်ပါသော စာရွက်ကို စုပ်ဖြဲလုံးချေပစ်လိုက်ပြီး ယပ်တောင်ကို မီးဖိုဘေးရှိ ကပ်ထရံကြားတွင် အသာထိုးထားလိုက်သည်။

 

မနက်ခင်းတစ်ခုတွင် ထိုအိမ်ရှင်မ ဗျာများနေသည်။ မနက်စာ အစာပြေစားရန်အတွက် ထမင်းကြမ်းကြော်နေရသလို ကျောင်းနောက်ကျမှာစိုး၍ ဆူဆူပူပူလုပ်နေသော သမီးငယ်အတွက် ထမင်းဘူးပြင်နေသည်။ ဒီကြားထဲ မီးဖိုက မီးအရှိန်မကောင်းသဖြင့် ကမန်းကတန်း နံရံတွင်ထိုးထားခဲ့သော ယပ်တောင်ကိုယူ၍ ယပ်ခတ်ရပြန်သည်။ ထို့နောက် ထိုယပ်တောင်ကို အမှုမဲ့အမှတ်မဲ့ မီးဖိုဘေးအသာချ၍ သမီးငယ်အတွက် ထမင်းဘူးပြင်ခြင်းကို လက်စသတ်လိုက်သည်။ ကျောင်းနောက်ကျမှာစိုး၍ လောဆော်နေသော သမီးငယ်လေး၏ ခြေထောက်အစုံသည် အမေလုပ်သူ ချထားလိုက်မိသော နာရေးတစ်ခုမှ ကမ်းလိုက်သည့် ယပ်တောင်ပေါ်သို့ တိတိကျကျကြီးကိုဘဲ နင်းဖြတ်သွားပါတော့သည်။ ထိုယပ်တောင်၏ မျက်နှာပြင်တစ်ဖက်တွင် ... ။ တကယ့်ကို ကြက်သီးမွေးညင်းထစရာပါ။

 

ရာသီအကူးအပြောင်းမို့ ပြီးခဲ့သည့်လက ကျနော်ဖျားသည်။ ခေတ်ပေါ်တုပ်ကွေးများသည် အရင်ကထက် ပို၍ပြင်းထန်လွန်းသဖြင့် ကွမ်းရွက်ပြုတ်ရည်၊ ဂျင်းပြုတ်ရည်လောက်နှင့် အိမ်မှာ ကွေးနေလို့ မရတော့ပါ။ ထို့ကြောင့် နီးရာဆေးခန်းသို့ သွားခဲ့ရသည်။ ကျနော့်အလှည့်ရောက်ရန် ဆေးခန်းတွင် စောင့်နေခိုက် လျှပ်စစ်မီး ပြတ်တောက်သွားသည်။ ပန်ကာများ ရပ်သွား၏။ မှောင်ရီပျိုးစမို့ အပြင်မှခြင်များလည်း ဆေးခန်းထဲသို့ အတင်းတိုးဝှေ့ ၀င်လာကြသည်။ ဆေးခန်းက ကျဉ်း၊ လူတွေက များ၊ နည်းနည်း အိုက်စပ်လာသည်။ သူနာပြုဆရာမလေးသည် အင်ဗာတာမီးချောင်းကို ထွန်းလိုက်ပြီး စောင့်ဆိုင်းနေရသူများအား ယပ်တောင်များကို လိုက်လံဝေငှပေးသည်။ ကျနော်သည် ယပ်တောင်တစ်ချောင်းကို လှမ်းယူမည်ပြုပြီးမှ လက်ကို အသာရုတ်၍ ခေါင်းယမ်းပြလိုက်သည်။

 

ကျနော်ဘေးမှ အသက်ငါးဆယ်ဝန်းကျင် ခပ်၀၀ အမျိုးသမီးတစ်ယောက်ကတော့ ယပ်တောင်ကိုလှမ်းယူပြီး ခြင်ယမ်းလိုက် လေယမ်းလိုက်ဖြင့် အတော်လေး သက်သာသွားပုံရသည်။ ထိုအမျိုးသမီးသည် ထမီအနက် ၀တ်ဆင်ထား၍လားမသိ သူမ၏ ခြေထောက်နားတွင် ခြင်များဝဲနေသည်။ ကျနော် အသာကြည့်နေမိသည်။ ထိုသို့ ကြည့်နေစဉ်မှာပင် ထိုအမျိုးသမီးသည် ယပ်တောင်ဖြင့် ထမီအနားစကို တဗြန်းဗြန်းရိုက်၍ ခြင်များကို မောင်းထုတ်နေသည်။ သူမထမီအနားစကို ရိုက်လိုက်သော ယပ်တောင်သည် အလှူတစ်ခုမှ ကမ်းလိုက်သော ရွှေဝါရောင်အကြီးစား ယပ်တောင်တစ်ချောင်းပင်ဖြစ်သည်။ ထိုယပ်တောင်၏ မျက်နှာပြင်တစ်ဖက်တွင် ... ။ ကျနော် တကယ့်ကို ကြက်သီးထသွားခဲ့တာပါ။

 

 

အိမ်ရှင်မ နမော်နမဲ့ ပစ်ချလိုက်မိသော၊ သမီးဖြစ်သူ မတော်တဆ တက်နင်းလိုက်မိသော နာရေးတစ်ခုမှ ကမ်းခဲ့သည့် ယပ်တောင်တစ်ချောင်းပေါ်တွင် မြတ်စွာဘုရား၏ ပဌါန်းဒေသနာ (၂၄) ပစ္စည်းကို ထင်းထင်းကြီး ရိုက်နှိပ်ထားသလို၊ ခြင်ကိုက်သောကြောင့် ထမီအနားစကို အမှုမဲ့အမှတ်မဲ့ ရိုက်လိုက်သော အလှူတစ်ခုမှ လမ်းလိုက်သည့် ယပ်တောင်တစ်ချောင်းပေါ်တွင်လည်း မြတ်စွာဘုရားရှင်၏ ပဌါန်းဒေသနာ (၂၄) ပစ္စည်းကို ရွှေစာလုံးများဖြင့် ၀င်းဝင်းထိန်ထိန် ရိုက်နှိပ်ထားပါသည်။

 

ဆိုခဲ့ပါ အပြုအမူများသည် ယပ်တော်ပေါ်မှ မြတ်စွာဘုရားရှင်၏ ဒေသနာတော် သို့တည်းမဟုတ် တရားတည်းဟူသော အမြတ်ဆုံးသော ရတနာကို စော်ကားလိုသောစိတ်နှင့် ပြုမှားခဲ့ကြသည် မဟုတ်ပါ။ သို့သော် ... ။ ထို သို့သော်နောက်မှ အကြောင်းအခြင်းအရာတို့ကိုတော့ ခင်ဗျားတို့ ကျနော်တို့ စဉ်းစားသုံးသပ်ကြရပါလိမ့်မည်။

 

ဘာသာ သာသနာကို ကြည်ညိုလေးမြတ်ကြသည်ဆိုရာတွင် အသေးအဖွဲ့ အမှုကိစ္စလေးများကအစ အလေးဂရုထား၍ ပြုမူ ဆောင်ရွက်ကြရမည်သာ။ သာသာ သာသနာနှင့်ဆက်စပ်၍ မိမိ၏ ဘာရယ်မဟုတ်သော အဂါရဝေါ အကုသိုလ်တရားများပင် ဖြစ်သွားတတ်ပါသည်။

 

သေးငယ်လွန်း၍ မမြင်မိသောကြောင့် ခင်ဗျားတို့ ကျနော်တို့ ခလုတ်တိုက်လဲပြီး အသားနာကြရသည်။ ထို့အတူ သာသာ သာသနာနှင့် ဆက်စပ်သော သေးငယ်လွန်းသည့် အမှုကိစ္စလေးများကို သတိမမူမိဘဲ လွန်ကျူးမိကြလျှင်ဖြင့် ခင်ဗျားတို့ ကျနော်တို့ သ၀နာကြရပါလိမ့်မည်။ ဤသို့သောအကြောင်းကြောင့် ထိုယပ်တောင်ပေါ်မှ တရားကို မည်သို့ စီရင်ကြပါမည်နည်း။

 

နေယု

(အဘိုးသို့ အမှတ်တရ)

by နေယု on Wednesday, 24 October 2012 at 14:21 ·

  • မျိုး သွင် ကို သေးငယ်လွန်း၍ မမြင်မိသောကြောင့် ခင်ဗျားတို့ ကျနော်တို့ ခလုတ်တိုက်လဲပြီး အသားနာကြရသည်။ ထို့အတူ သာသာ သာသနာနှင့် ဆက်စပ်သော သေးငယ်လွန်းသည့် အမှုကိစ္စလေးများကို သတိမမူမိဘဲ လွန်ကျူးမိကြလျှင်ဖြင့် ခင်ဗျားတို့ ကျနော်တို့ သ၀နာကြရပါလိမ့်မည်။ ဤသို့သောအကြောင်းကြောင့် ထိုယပ်တောင်ပေါ်မှ တရားကို မည်သို့ စီရင်ကြပါမည်နည်း။

    Tint Lwin နယု ရဲ့ အတွေ့အကြုံနဲ့ သတိထားမိပုံလေးကို သဘောကျနှစ်ခြိုက်မိပါတယ်။ ကျနော်တို့မြန်မာတွေ ဗုဒ္ဓဘာသာပေါ်သဘောထားပုံ ပိုလေးနက်စေပါတယ်
Credit: https://www.facebook.com/notes/%E1%80%B1%E1%80%94%E1%80%9A%E1%80%AF/%E1%80%9A%E1%80%95%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%95%E1%81%9A%E1%80%80%E1%80%90%E1%80%9B%E1%80%AC%E1%80%B8-%E1%80%98%E1%80%9A%E1%80%B9%E1%80%9C%E1%80%AD%E1%80%AF%E1%80%85%E1%80%AE%E1%80%9B%E1%80%84%E1%80%B9%E1%80%99%E1%80%9C%E1%80%B2/422344724495730

No comments:

Post a Comment