Pages

Saturday, October 20, 2012

ဓမ္မမိတ်ဆွေများ ကြည်ညိုသဒ္ဓါပွားနိုင်ကြပါစေ [အရှင် ပညာစာရာလင်္ကာရ]

  • (ဒါ့ကြောင့် ဒီစာမေးပွဲဟာ သာသနာအတွက် အကျိုးအများဆုံးစာမေးပွဲလို့ ဆိုချင်ပါတယ်- အဘိဝံသ
  • ဒါကြောင့် သာမဏေကျော်စာမေးပွဲဟာ အနာဂတ်သာသနာအတွက် အရေးအပါဆုံးစာမေးပွဲလို့ ဆိုချင်ပါတယ်။ - သာမဏေကျော်
  • ဒါကြောင့် ဒီစာမေးပွဲဟာ သာသနာ့အာဇာနည်တို့ မွေးဖွားရာစာမေးပွဲလို့ မှတ်တမ်းတင်လိုက်ပါတယ်။- တိပိဋက
''ဘုန်းကြီးစာမေးပွဲများသို့ ချဉ်းကပ်ခြင်း''

တစ်နေ့က ဘာသာရေးနဲ့ ပတ်သက်တဲ့ဂရုတစ်ခုထဲမှာ ဒကာမတစ်ယောက်က ဘုန်းကြီးစာမေးပွဲများနဲ့ ပတ်သက်လို့ လူဒကာ ဒကာမတွေနားမလည်တဲ့အတွက် ဘွဲ့တစ်ခုရဲ့ တန်ဖိုးအနိမ့်အမြင့်ကို မသိနိုင်တဲ့ အကြောင်း ဘုန်းကြီးတွေရရှိထားတဲ့ ဘွဲ့တွေရဲ့တန်ဖိုးကိုနားမလည်တဲ့အတွက် ဘုန်းကြီးတွေရဲ့ အရည် အချင်းကိုမသိနိုင်တဲ့အကြောင်း ရေးထားတာတွေ့လိုက်ရတယ်။ ဒါကြောင့်မို့ လူဒကာဒကာမတွေ နားလည်အောင်ပြောပြဖို့ စိတ်ကူးမိတယ်။ ဘုန်းကြီးစာမေးပွဲတွေနဲ့ ပတ်သက်ပြီးသိသင့်တာတွေကို အထင်ကြီးအောင် မြှောက်ပင့်ပြောဆိုမှုတွေ အထင်သေးအောင်နှိမ့်ချမှုတွေမပါဘဲ အားလုံးကို ရိုးသားပွင့်လင်းစွာ ပြောပြပါမယ်။

''အဘိဝံသစာမေးပွဲ''
ဒီစာမေးပွဲဟာ နိုင်ငံတော်အစိုးရက ကျင်းပတဲ့စားမေးပွဲ မဟုတ်ဘဲ ပုဂ္ဂလိက အသင်းအဖွဲ့အစည်းတွေက ကျင်းပတဲ့စာမေးပွဲတစ်ခုဖြစ်ပြီး ရဟန်းတော်များသာ ဝင်ရောက်ဖြေဆိုခွင့်ရှိတဲ့ စာမေးပွဲပါ။ စာသင်တန်း စာချတန်းနှစ်တန်းရှိပြီး နှစ်တန်းလုံးကို အောင်မြင်မှ အဘိဝံသ ဘွဲ့ရပါတယ်။ စာသင်တန်းကို အသက် ၂၇ နှစ်ထိ ဖြေဆိုခွင့်ရှိပြီး စာချတန်းကိုတော့ အသက် ၃၅ နှစ်အထိ ဖြေဆိုခွင့်ရှိပါတယ်။ အသက်အပိုင်အခြားနဲ့ ဖြေဆိုရတဲ့စာမေးပွဲတစ်ခုပါ။ မန္တလေး ရန်ကုန် မြင်းခြံ မုံရွာ လေးဌာနမှာ ကျင်းပပါတယ်။ ဘွဲ့ရဖို့မဆိုထားနဲ့ စာသင်တန်းမှာတောင် တစ်နှစ်တစ်နှစ် ပျမ်းမျှ နှစ်ရာခိုင်နှုန်း (၂%)ကျော်ကျော်လောက်ပဲ အောင်မြင်တာပါ။ နှစ်စဉ် သံဃာ(၁၆ဝ) လောက်ဖြေမှ လေးပါးလောက်ပဲအောင်ပါတယ်။ အရမ်းခက်ခဲလွန်းလို့ လယ်တီ ဆရာတော်ကြီးက ''ရဟန်းသတ်ပွဲ''လို့တောင် မိန့်တော်မူခဲ့ပါတယ်။ သာမန် ဉာဏ် ဝီရိယရှိတဲ့သူတွေ ဝင်ဖြေဖို့ မဆိုထာနဲ့ အိပ်မက်ထဲမှာတောင်ထည့်မမက်ရဲတဲ့ စာမေးပွဲပါ။ ဒီစာမေးပွဲကိုဖြေဆိုလို့ အဘိဝံသဘွဲ့ ရရှိသွားတဲ့ ရဟန်းတွေဟာ သာသနာအတွက် အများကြီးကျေးဇူးပြုနိုင်တာကို တွေ့ရပါတယ်။ နိုင်ငံတနံတလျားမှာ စာချအကျော်အမော် ဆရာတော်အများစုဟာ အဘိဝံသဘွဲ့ရများဖြစ်ပြီး တကယ့်ခက်ခဲနက်နဲတဲ့ ဘာသာရေး ပြဿနာတွေကိုလည်း ဒီဆရာတော်တွေကပဲ ဦးဆောင်ဖြေရှင်းနေတာကို တွေ့ရပါတယ်။ သာသနာရဲ့ ရေသောက်မြစ်ဖြစ်တဲ့ ပရိယတ္တိစာသင်တိုက်တွေကိုလည်း အဘိဝံသဘွဲ့ရ ဆရာတော်တွေပဲ ဦးဆောင်နေတာ များပါတယ်။ ဒါ့ကြောင့် ဒီစာမေးပွဲဟာ သာသနာအတွက် အကျိုးအများဆုံးစာမေးပွဲလို့ ဆိုချင်ပါတယ်။

''သာမဏေကျော်စာမေးပွဲ''
ဒီစာမေးပွဲဟာလည်း နိုင်ငံတော်အစိုးရက ကျင်းပတဲ့စာမေးပွဲမဟုတ်ဘဲ ပုဂ္ဂလိကအသင်းအဖွဲ့အစည်းတွေက ကျင်းပပြီး အသက်နှစ်ဆယ်အတွင်း ရှင်သာမဏေ(ကိုရင်)များသာ ဝင်ရောက်ဖြေဆိုခွင့်ရှိတဲ့ စာမေးပွဲပါ။ ပထမဆင့် ဒုတိယဆင့် တတိယဆင့်သုံးဆင့်ရှိပြီး သုံးဆင့်လုံးကိုအောင်မြင်မှ သာမဏေကျော်ဘွဲ့ရပါတယ်။ ဒီစာမေးပွဲကို မန္တလေး ရန်ကုန် တောင်ကြီး ပဲခူး မော်လမြိုင်ကျွန်း မြင်းခြံ ပခုက္ကူ မုံရွာ သထုံ ကိုးဌာနမှာ ကျင်းပပြီး ဝင်ရောက်ဖြေဆိုသူများသလောက် အောင်ချက်နည်းတဲ့စာမေးပွဲတစ်ခုပါ။ အဘိဝံသစာမေးပွဲဟာ ရဟန်းသတ်ပွဲဆိုရင် သာမဏေကျော်စာမေးပွဲဟာ သာမဏေသတ်ပွဲလို့ ဆိုရမယ်ထင်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားဟောပါဠိတော်ကြီးတွေကို ထိတွေ့ဆက်ဆံခွင့်ရပြီး ပြဋ္ဌာန်းပုံစနစ် အရမ်းကောင်းမွန်တာကြောင့် သိပ်တန်ဖိုးရှိတဲ့စာမေးပွဲတစ်ခုလို့ သံဃာအသိုင်အဝိုင်းက သတ်မှတ် ထားပါတယ်။ နေရာတကာမှာ သာမဏေကျော်ဘွဲ့ရအရှင်တွေကို လိုအပ်နေတာကို ကြည့်ပြီး ဒီဘွဲ့ရဲ့အရေးပါမှုကို သိရှိနိုင်ပါတယ်။ ဒါတင်မကပဲ ဒီဘွဲ့ရထားတဲ့ အရှင်တွေဟာ အနာဂတ်ပညာရေး ခရီးလမ်းကို မပင်မပန်းသက်သက်သာသာ ယုံကြည့်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် သာမဏေကျော်စာမေးပွဲဟာ အနာဂတ်သာသနာအတွက် အရေးအပါဆုံးစာမေးပွဲလို့ ဆိုချင်ပါတယ်။

''တိပိဋကဓရရွေးချယ်ရေးစာမေးပွဲ''
ဒီစာမေးပွဲဟာ နိုင်ငံတော်အစိုးရက ကျင်းပတဲ့စာမေးပွဲဖြစ်ပြီး ရဟန်းသာမဏေမရွေး အသက်အပိုင်းအခြားမရှိ စိတ်ကြိုက်ဖြေဆိုခွင့် ပြန်ဆိုခွင့်ရှိတဲ့စာမေးပွဲပါ။ နိုင်ငံတော်အစိုးရက ကျင်းပတဲ့စာမေးပွဲပေါင်းများစွာ ထဲမှာ တန်ဖိုးအမြင့်ဆုံးစာမေးပွဲ တစ်ခုလို့ ဆိုရမှာပါ။ ပိဋကသုံးပုံကို အာဂုံဆောင်နိုင်ရုံမကပဲ ရေးဖြေစာမေးပွဲကိုပါ အောင်မြင်အောင်ဖြေဆိုနိုင်မှ တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ကို ရပါတယ်။ အောင်မြင်ဖို့ခက်ခဲလွန်းလို့ နှစ်ပေါင်းများစွာအတွင်းမှ ယခုအချိန်ထိ (၁၃)ပါးပဲပေါ်ထွက်ခဲ့ဖူးပါတယ်။ ပိဋကသုံးပုံလုံးအောင်မြင်ရန် ခက်ခဲပေမယ့် ပုံဝက် တစ်ပုံစသည်အောင်မြင်ပြီး ဥဘတောဝိဘင်္ဂဓရ ဝိနယဓရ စတဲ့ ဘွဲ့တွေကို ရရှိထားတဲ့ အရှင်တွေကတော့ များစွာရှိပါတယ်။ ဒီဘွဲ့ရတဲ့ အရှင်တွေကို သာသနာ့အာဇာနည် သာသနာ့သူရဲကောင်း အဖြစ်အများက ထောမနာပြုကြပါတယ်။ တိပိဋကဓရအရှင်များဟာ ဒကာဒကာမတွေရဲ့အထင်ကြီးလေးစားမှု ကို ခံရပြီး ဒကာဒကာမတွေနဲ့ရင်းနှီးစွာ ထိတွေ့ဆက်ဆံရတဲ့အတွက် အရှင်အများစုဟာ ဘုန်းကံကြီးမား ကြပါတယ်။ ဘုန်းကံကြီးမားသည့်နည်းတူ လူမှုရေးပရဟိတ လုပ်ငန်းတွေကိုလည်း တွင်ကျယ်စွာ လုပ်ကိုင်နိုင် ကြတာကို တွေ့ရပါတယ်။ ပိဋကတ်စာပေကို အာဂုမ်ဆောင်နိုင်ရုံတင်မလိုလားပဲ ထိုးထွင်းနားလည်သိရှိတာကိုမှ လိုလားတဲ့ ဆရာတော်အချို့ကတော့ ဒီစာမေးပွဲကို သိပ်အားမပေးကြတာလည်းရှိပါတယ်။ သာသနာတော် အတွက် အကျိုးပြုနိုင်မှု ပိုင်းမှာလည်း အဘိဝံသဘွဲ့ရ အရှင်တွေလောက်တော့ မစွမ်းဆောင်နိုင်ကြတာကိုလည်း သိရှိရပါတယ်။ သို့သော်ငြားလည်း အင်မတန်ခက်ခဲနက်နဲတဲ့ ဘုရားဟောပိဋကတ်ပါဠိတော်တွေကို နှုတ်တက်အာဂုမ်ဆောင်ထားနိုင်တာကိုက ကြည်ညိုစရာပါ။ ဒါကြောင့် ဒီစာမေးပွဲဟာ သာသနာ့အာဇာနည်တို့ မွေးဖွားရာစာမေးပွဲလို့ မှတ်တမ်းတင်လိုက်ပါတယ်။

''ဓမ္မာစရိယစာမေးပွဲ''
ဒီစာမေးပွဲဟာ နိုင်ငံတော်အစိုးရကကျင်းပတဲ့စာမေးပွဲဖြစ်ပြီး အငယ်တန်း အလတ်တန်း အကြီးတန်း အောင်ပြီးတဲ့ အခါမှာ ဖြေရတဲ့စာမေးပွဲပါ။ ကျမ်းရင်းသုံးကျမ်းလုံးကိုအောင်မြင်မှ သာသနဓဇဓမ္မာစရိယ ဘွဲ့ရပါတယ်။ တခြားမြန်မာဂုဏ်ထူး ပါဠိဂုဏ်ထူးအတွက်ဘွဲ့ပေါင်းများစွာ ရှိသေးပေမယ့် လိုရင်းဘွဲ့ကိုပဲ ရှင်းပြလိုပါတယ်။ ဒီဘွဲ့ဟာ သမာရိုးကျအောင်မြင်အောင် ဖြေဆိုနိုင်ရင်တော့ အရည်အချင်းရှိတဲ့ ဘွဲ့တစ်ခုပါ။ အောက်သက်မကျေခဲ့ရင် အောက်စာတွေမပိုင်ခဲ့ရင် အောင်မြင်ဖို့အလွန်ခက်ပါတယ်။ သာမဏေကျော်ဘွဲ့ရထားတဲ့ အရှင်တွေဟာ ဒီဘွဲ့အလွယ်တကူနဲ့ ရယူနိုင်ပြီး ရိုးရိုးသာမန် ငယ် လတ် ကြီးအောင်ပြီး တက်လာတဲ့အရှင်တွေအတွက်ကတော့ ဆယ်စုနှစ်တစ်ခုစာလောက်ဖြေယူရတတ်ပါတယ်။ ပရိယတ်နယ်ပယ်မှာနေတဲ့ ရှင်ရဟန်းတစ်ပါးဟာ ဒီဘွဲ့ကိုတော့ရအောင်ယူသင့်ပါတယ်။ ဒီဘွဲ့မှမရရင် ပရိယတ်အရည်ချင်းပြည့်ဝဖို့ အတော်ခက်ခဲပါတယ်။ ဒီဘွဲ့လောက်ရရင်ကို သာသနာမှာ အတော်မျက်နှာပန်း လှသွားတာတွေ့ရပါတယ်။ ဒါကြောင့် ဒီစာမေးပွဲဟာ အရှင်များအတွက် မဖြစ်မနေ ဖြေဆိုအောင်မြင်ရမယ့် စာမေးပွဲတစ်ခုလို့ ဆိုချင်ပါတယ်။

''ပထမပြန်စာမေးပွဲ''
ဒီစာမေးပွဲဟာလည်း နိုင်ငံတော်အစိုးရက ကျင်းပတဲ့စာမေးပွဲဖြစ်ပြီး ပရိယတ္တိနယ်ပယ်ထဲကို ဝင်ရောက်လာတဲ့ ရှင်ရဟန်းအားလုံး မဖြစ်မနေ ဖြေဆိုရတဲ့စာမေးပွဲပါ။ ပထမငယ်တန်း ပထမလတ်တန် ပထမကြီးတန်း ဆိုပြီးသုံးတန်းရှိတဲ့ အခြေခံစာမေးပွဲတစ်ခုပါ။ သာမန်ဉာဏ် သာမာန်ဝီရိယရှိတဲ့သူတွေတောင် အောင်မြင်နိုင်တဲ့စာမေးပွဲပါ။ အခြေခံစာမေးပွဲ ဖြစ်သည့်အလျောက် ဒီစာမေးပွဲတွေအောင်ရုံလောက်နဲ့တော့ ဘာစာမှမသိသေးတာ အမှန်ပါ။ ဒါကြောင့် ပရိယတ်စာပေလေ့လာမှုမရှိပဲ ပထမကြီးတန်းအောင်ရုံလောက်နဲ့
လူပုံအလယ်မှာ ဟောင်ဖွာဟောင်ဖွာလုပ်နေတဲ့ အရှင်တွေကို မြင်အောင်ကြည့်တတ်ဖို့လိုမယ်ထင်ပါတယ်။ ဒါကြောင့် ဒီပထမပြန်စာမေးပွဲဟာ သာသနာတော်ရဲ့ အခြေခံစာမေးပွဲတစ်ခုလို့ပဲ ဆိုချင်ပါတယ်။

''နိုင်ငံတော်မှဆက်ကပ်သော ဘွဲ့တံဆိပ်များ''

နိုင်ငံတော်အစိုးရက ဆက်ကပ်တဲ့ဘွဲ့တံဆိပ်တွေဟာ များစွာရှိပါတယ်။ တစ်ချိန်ကတော့ ဒီဘွဲ့တံဆိပ်တွေဟာ သိပ်တန်ဖိုးကြီးခဲ့ပါတယ်။ ဆိုကြပါစို့ ရှေးတုန်းက အဂ္ဂမဟာပဏ္ဍိတဘွဲ့ဆိုရင် အမှန်တကယ်ပညာတတ်တဲ့ ဘုန်းကြီးတွေကိုသာဆက်ကပ်လေ့ရှိပြီး အဂ္ဂမဟာဂန္ထဝါစကဘွဲ့ဆိုရင် အမှန်တကယ်စာဝါပို့ချနေတဲ့ ဘုန်းကြီးတွေကိုသာ ဆက်ကပ်လေ့ရှိပါတယ်။ ဒါကြောင့် တစ်ချိန်ကသိပ်တန်ဖိုးကြီးခဲ့တဲ့ ဘွဲ့တွေပါ။
ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ လူတွေရဲ့လာဘ်ပေးလာဘ်ယူကိစ္စတွေအောက်မှာ ဘွဲ့တံဆိပ်တွေဟာ တန်ဖိုးနည်းခဲ့ရတယ်။ သိပ်ဝမ်းနည်းစရာ ကောင်းတာပါ။ အစစ်အမှန်ရယူနေတဲ့ ဆရာတော်တွေလည်း တပုံတပင်ကြီးရှိပါတယ်။ ဒါကြောင့် နိုင်ငံတော်က ဆပ်ကပ်တဲ့ဘွဲ့တံဆိပ်တွေဟာ သာသနာတိုးတက်ဖို့အတွက် တော့ သိပ်အရေးမပါဘူး လို့ ဆိုချင်ပါတယ်။

No comments:

Post a Comment