Pages

Tuesday, October 30, 2012

ယပ်တောင်ပေါ်ကတရား ဘယ်လိုစီရင်မလဲ


 

ထိုပဌါန်းတရားတော်ကြီးကို သုံးသပ်ဆင်ခြင်တော်မူသော ထိုမြတ်စွာဘုရား၏ နဂိုက ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော ခန္ဓာကိုယ်ပေါ်မှ အလုံးစုံသော အရပ်မျက်နှာတို့သို့ ခြောက်သွယ်သော ရောင်ခြည်တော်တို့သည် စိတ်တော် ကြည်လင်သည့်အတွက် သွေးတော်အစရှိသည်တို့က သန့်ရှင်းကြည်လင်ခြင်းကြောင့် ထိုထိုဤဤ လှည့်လည်ပြေးလွှားကြလေကုန်သတည်း။

( အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ အခြေပြု ပဌါန်းတရားတော်။ )

 

 

ကျနော် လက်ဘက်ရည်ဆိုင်ထိုင်၍ သူငယ်ချင်းများနှင့် စကားစမြည်ပြောဆိုရခြင်းကို အင်မတန်နှစ်သက်ခုံမင်လှပါသည်။ ထို့ကြောင့် ညနေခင်းများစွာကို သူငယ်ချင်းများနှင့် လက်ဘက်ရည်ဆိုင်ထိုင်ရင်း ကျော်လွန်ဖြတ်သန်းရန် အိမ်နှင့် အတန်ငယ် ဝေးကွာလှသော လက်ဘက်ရည်ဆိုင်သို့ ခြေလျင်လျှောက်သွားလေ့ရှိသည်။ နွေမိုးဆောင်း ထိုအကျင့်က မပြောင်းခဲ့ပါ။

 

မိုးတွင်းတစ်ရက်တွင် အညိုးတစ်ကြီးနဲ့ ရွာချလိုက်သောမိုးသည် အရင်ရက်များထက် ပို၍သည်းထန်ပြီး မစဲတော့။ ထို့ကြောင့် လမ်းများအားလုံး ရေလွှမ်းသွားတော့သည်။ ကျနော်ကတော့ လဘက်ရည်ဆိုင်သို့ သွားမြဲသာ။ ဤသို့ဖြင့် ကျနော်နှင့် မျက်နှာချင်းဆိုင်တွင်နေထိုင်သော ကျနော်၏အဘိုးသည် တစ်မနက်တွင် ကျနော့်ကိုမေးမြန်းခဲ့၏။ "ငါ့သား မိုးတွေဒီလောက်ရွာနေတာ မင်း လက်ဘက်ရည်ဆိုင်ကို ဘယ်လိုများသွားတုန်း။ လမ်းတွေလည်း ရေတွေနဲ့ဆို။" "ဟုတ်တယ် ဘ၊ လမ်းတွေက ရေတွေနဲ့မို့ သား ဘုရားဝင်းထဲကနေ ဖြတ်သွားရတာ။" "အလို ငါ့သားရယ် ရေတွေထဲကနေ ဖြတ်သွားရင် ဖြတ်သွားပါ။ ဘုရားရှင်ကို ကန်တော့ဘို့မဟုတ်ဘဲ ဘုရားဝင်းကိုတော့ ဖြတ်လမ်းအနေနဲ့ မသုံးပါနဲ့။ တို့များ သဗ္ဗညုတရှင်တော်ကြီးကို အားနားစရာကွယ်။ နော်။"

 

ကျနော် တကယ့်ကို ကြက်သီးမွေးညင်းထသွားခဲ့တာပါ။

ဘာရယ်မဟုတ် တဒင်္ဂအသွားအလာအဆင်ပြေစေဖို့ ဘုရားဝင်းထဲကနေ ကျနော် ဖြတ်သွားခဲ့မိသည်။ သို့သော် ကျနော်၏ အပြုအမူသည် မရည်ရွယ်ခဲ့သော်လည်း ဘုရားရှင်တော်အား မရိုမသေ မလေးမြတ်ရာရောက်သွားခဲ့၏။ ကျနော့်အဖိုးကတော့ သူ့နှလုံးသားထဲမှာ ဘုရားရှိသည်။ ထို့ကြောင့် သတိမလွတ်။ ဘုရားရှင်နှင့် ဆက်စပ်သမျှကို အမြဲ အလေးအမြတ်ထားခဲ့သည်။

 

ဆိုရသော် အဖိုးသည် လမ်းသွားရင်း ကိုရင်လေးများ ကြွသွားသည်ကို မြင်လျှင်ပင် လက်အုပ်ချီ၍ စောင့်ဆိုင်းနေတတ်သည်။ လမ်းကို ဆက်မသွားပါ။ အိမ်ကဘုရားခန်းထဲတွင် ၀တ်ပြုပြီးလျှင်လည်း လက်အုပ်ချီရိုကျိုး၍ နောက်ပြန်လျှောက်ကာ အသာအယာထွက်ခွာတတ်သည်။

 

တကယ်တော့ ဤသည်မှာ ကျနော့်အဖိုးတစ်ယောက်တည်း၏ အမူအကျင့်မဟုတ်ပါ။ အဖိုးတို့ခေတ်က သက်ကြီးရွယ်အိုများ၏ သာသာရေး ဓလေ့စရိုက်တစ်ခုပင်ဖြစ်သည်။ ကျနော်သည် ဤသို့သော အဖိုး၏မြေးတစ်ယောက် ဖြစ်ပါလျှက်ကယ်နှင့် ဘာသာ သာသနာပေါ်တွင် အလေးအနက်မထားဘဲ နမော်နမဲ့ နိုင်လွန်းလှသည်။ ဤသို့ဖြင့် ထိုနေ့မှအစပြုကာ ကျနော်သည် ဘာသာ သာသနာနှင့် ဆက်စပ်သမျှသော အကြောင်းအချင်းအရာများကို ပေါ့ပေါ့တန်တန် သဘောမထားတော့ဘဲ အလေးအနက် ဆင်ခြင်ဆောင်ရွက်ခဲ့ပါ၏။ ထို့အတူ ကျနော်၏ပတ်ဝန်းကျင်ရှိ တစ်ပါးသောသူများ၏ ဘာသာ သာသနာနှင့် ဆက်စပ်သော အမှုကိစ္စများပေါ်တွင် ထားရှိသည့်သဘောထားနှင့် ဆောင်ရွက်ချက်များကိုလည်း သတိထားပြီး စောင့်ကြည့်နေခဲ့မိသည်။

 

နာရေးတစ်ခုမှပြန်လာသော အိမ်ရှင်မတစ်ယောက်သည် ကုသိုလ်ပြု၍ ကမ်းလိုက်သော ဆပ်ပြာမှုန့်ထုပ်ကို ကြောင်အိမ်ပေါ်တင်လိုက်သည်။ ထို့နောက် နာရေးယပ်တောင်ပေါ်မှ ကွယ်လွန်သူ၏ အမည်ပါသော စာရွက်ကို စုပ်ဖြဲလုံးချေပစ်လိုက်ပြီး ယပ်တောင်ကို မီးဖိုဘေးရှိ ကပ်ထရံကြားတွင် အသာထိုးထားလိုက်သည်။

 

မနက်ခင်းတစ်ခုတွင် ထိုအိမ်ရှင်မ ဗျာများနေသည်။ မနက်စာ အစာပြေစားရန်အတွက် ထမင်းကြမ်းကြော်နေရသလို ကျောင်းနောက်ကျမှာစိုး၍ ဆူဆူပူပူလုပ်နေသော သမီးငယ်အတွက် ထမင်းဘူးပြင်နေသည်။ ဒီကြားထဲ မီးဖိုက မီးအရှိန်မကောင်းသဖြင့် ကမန်းကတန်း နံရံတွင်ထိုးထားခဲ့သော ယပ်တောင်ကိုယူ၍ ယပ်ခတ်ရပြန်သည်။ ထို့နောက် ထိုယပ်တောင်ကို အမှုမဲ့အမှတ်မဲ့ မီးဖိုဘေးအသာချ၍ သမီးငယ်အတွက် ထမင်းဘူးပြင်ခြင်းကို လက်စသတ်လိုက်သည်။ ကျောင်းနောက်ကျမှာစိုး၍ လောဆော်နေသော သမီးငယ်လေး၏ ခြေထောက်အစုံသည် အမေလုပ်သူ ချထားလိုက်မိသော နာရေးတစ်ခုမှ ကမ်းလိုက်သည့် ယပ်တောင်ပေါ်သို့ တိတိကျကျကြီးကိုဘဲ နင်းဖြတ်သွားပါတော့သည်။ ထိုယပ်တောင်၏ မျက်နှာပြင်တစ်ဖက်တွင် ... ။ တကယ့်ကို ကြက်သီးမွေးညင်းထစရာပါ။

 

ရာသီအကူးအပြောင်းမို့ ပြီးခဲ့သည့်လက ကျနော်ဖျားသည်။ ခေတ်ပေါ်တုပ်ကွေးများသည် အရင်ကထက် ပို၍ပြင်းထန်လွန်းသဖြင့် ကွမ်းရွက်ပြုတ်ရည်၊ ဂျင်းပြုတ်ရည်လောက်နှင့် အိမ်မှာ ကွေးနေလို့ မရတော့ပါ။ ထို့ကြောင့် နီးရာဆေးခန်းသို့ သွားခဲ့ရသည်။ ကျနော့်အလှည့်ရောက်ရန် ဆေးခန်းတွင် စောင့်နေခိုက် လျှပ်စစ်မီး ပြတ်တောက်သွားသည်။ ပန်ကာများ ရပ်သွား၏။ မှောင်ရီပျိုးစမို့ အပြင်မှခြင်များလည်း ဆေးခန်းထဲသို့ အတင်းတိုးဝှေ့ ၀င်လာကြသည်။ ဆေးခန်းက ကျဉ်း၊ လူတွေက များ၊ နည်းနည်း အိုက်စပ်လာသည်။ သူနာပြုဆရာမလေးသည် အင်ဗာတာမီးချောင်းကို ထွန်းလိုက်ပြီး စောင့်ဆိုင်းနေရသူများအား ယပ်တောင်များကို လိုက်လံဝေငှပေးသည်။ ကျနော်သည် ယပ်တောင်တစ်ချောင်းကို လှမ်းယူမည်ပြုပြီးမှ လက်ကို အသာရုတ်၍ ခေါင်းယမ်းပြလိုက်သည်။

 

ကျနော်ဘေးမှ အသက်ငါးဆယ်ဝန်းကျင် ခပ်၀၀ အမျိုးသမီးတစ်ယောက်ကတော့ ယပ်တောင်ကိုလှမ်းယူပြီး ခြင်ယမ်းလိုက် လေယမ်းလိုက်ဖြင့် အတော်လေး သက်သာသွားပုံရသည်။ ထိုအမျိုးသမီးသည် ထမီအနက် ၀တ်ဆင်ထား၍လားမသိ သူမ၏ ခြေထောက်နားတွင် ခြင်များဝဲနေသည်။ ကျနော် အသာကြည့်နေမိသည်။ ထိုသို့ ကြည့်နေစဉ်မှာပင် ထိုအမျိုးသမီးသည် ယပ်တောင်ဖြင့် ထမီအနားစကို တဗြန်းဗြန်းရိုက်၍ ခြင်များကို မောင်းထုတ်နေသည်။ သူမထမီအနားစကို ရိုက်လိုက်သော ယပ်တောင်သည် အလှူတစ်ခုမှ ကမ်းလိုက်သော ရွှေဝါရောင်အကြီးစား ယပ်တောင်တစ်ချောင်းပင်ဖြစ်သည်။ ထိုယပ်တောင်၏ မျက်နှာပြင်တစ်ဖက်တွင် ... ။ ကျနော် တကယ့်ကို ကြက်သီးထသွားခဲ့တာပါ။

 

 

အိမ်ရှင်မ နမော်နမဲ့ ပစ်ချလိုက်မိသော၊ သမီးဖြစ်သူ မတော်တဆ တက်နင်းလိုက်မိသော နာရေးတစ်ခုမှ ကမ်းခဲ့သည့် ယပ်တောင်တစ်ချောင်းပေါ်တွင် မြတ်စွာဘုရား၏ ပဌါန်းဒေသနာ (၂၄) ပစ္စည်းကို ထင်းထင်းကြီး ရိုက်နှိပ်ထားသလို၊ ခြင်ကိုက်သောကြောင့် ထမီအနားစကို အမှုမဲ့အမှတ်မဲ့ ရိုက်လိုက်သော အလှူတစ်ခုမှ လမ်းလိုက်သည့် ယပ်တောင်တစ်ချောင်းပေါ်တွင်လည်း မြတ်စွာဘုရားရှင်၏ ပဌါန်းဒေသနာ (၂၄) ပစ္စည်းကို ရွှေစာလုံးများဖြင့် ၀င်းဝင်းထိန်ထိန် ရိုက်နှိပ်ထားပါသည်။

 

ဆိုခဲ့ပါ အပြုအမူများသည် ယပ်တော်ပေါ်မှ မြတ်စွာဘုရားရှင်၏ ဒေသနာတော် သို့တည်းမဟုတ် တရားတည်းဟူသော အမြတ်ဆုံးသော ရတနာကို စော်ကားလိုသောစိတ်နှင့် ပြုမှားခဲ့ကြသည် မဟုတ်ပါ။ သို့သော် ... ။ ထို သို့သော်နောက်မှ အကြောင်းအခြင်းအရာတို့ကိုတော့ ခင်ဗျားတို့ ကျနော်တို့ စဉ်းစားသုံးသပ်ကြရပါလိမ့်မည်။

 

ဘာသာ သာသနာကို ကြည်ညိုလေးမြတ်ကြသည်ဆိုရာတွင် အသေးအဖွဲ့ အမှုကိစ္စလေးများကအစ အလေးဂရုထား၍ ပြုမူ ဆောင်ရွက်ကြရမည်သာ။ သာသာ သာသနာနှင့်ဆက်စပ်၍ မိမိ၏ ဘာရယ်မဟုတ်သော အဂါရဝေါ အကုသိုလ်တရားများပင် ဖြစ်သွားတတ်ပါသည်။

 

သေးငယ်လွန်း၍ မမြင်မိသောကြောင့် ခင်ဗျားတို့ ကျနော်တို့ ခလုတ်တိုက်လဲပြီး အသားနာကြရသည်။ ထို့အတူ သာသာ သာသနာနှင့် ဆက်စပ်သော သေးငယ်လွန်းသည့် အမှုကိစ္စလေးများကို သတိမမူမိဘဲ လွန်ကျူးမိကြလျှင်ဖြင့် ခင်ဗျားတို့ ကျနော်တို့ သ၀နာကြရပါလိမ့်မည်။ ဤသို့သောအကြောင်းကြောင့် ထိုယပ်တောင်ပေါ်မှ တရားကို မည်သို့ စီရင်ကြပါမည်နည်း။

 

နေယု

(အဘိုးသို့ အမှတ်တရ)

by နေယု on Wednesday, 24 October 2012 at 14:21 ·

  • မျိုး သွင် ကို သေးငယ်လွန်း၍ မမြင်မိသောကြောင့် ခင်ဗျားတို့ ကျနော်တို့ ခလုတ်တိုက်လဲပြီး အသားနာကြရသည်။ ထို့အတူ သာသာ သာသနာနှင့် ဆက်စပ်သော သေးငယ်လွန်းသည့် အမှုကိစ္စလေးများကို သတိမမူမိဘဲ လွန်ကျူးမိကြလျှင်ဖြင့် ခင်ဗျားတို့ ကျနော်တို့ သ၀နာကြရပါလိမ့်မည်။ ဤသို့သောအကြောင်းကြောင့် ထိုယပ်တောင်ပေါ်မှ တရားကို မည်သို့ စီရင်ကြပါမည်နည်း။

    Tint Lwin နယု ရဲ့ အတွေ့အကြုံနဲ့ သတိထားမိပုံလေးကို သဘောကျနှစ်ခြိုက်မိပါတယ်။ ကျနော်တို့မြန်မာတွေ ဗုဒ္ဓဘာသာပေါ်သဘောထားပုံ ပိုလေးနက်စေပါတယ်
Credit: https://www.facebook.com/notes/%E1%80%B1%E1%80%94%E1%80%9A%E1%80%AF/%E1%80%9A%E1%80%95%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%95%E1%81%9A%E1%80%80%E1%80%90%E1%80%9B%E1%80%AC%E1%80%B8-%E1%80%98%E1%80%9A%E1%80%B9%E1%80%9C%E1%80%AD%E1%80%AF%E1%80%85%E1%80%AE%E1%80%9B%E1%80%84%E1%80%B9%E1%80%99%E1%80%9C%E1%80%B2/422344724495730

Monday, October 29, 2012

ဗုဒ္ဓဝင်အကျဉ်း


29 October 22:30
(က) ရသေ့ဖြစ်ခြင်း

သုမေဓါရသေ့ဘ၀ မရောက်မီ ဘုရားအလောင်းတော်၏ မိဘနှစ်ပါး လွန်စွာပစ္စည်းဥစ္စာချမ်းသာပေမဲ့ ၎င်းမိဘနှစ်ပါး သေဆုံးသည့်အခါ ပစ္စည်းဥစ္စာများ ဘာမျှယူမသွားနိုင်သောကြောင့် လူတွေမှာသေဆုံးလို့  ဘာမျှပါမသွားနိုင်တာရှိလျှင် သေဆုံးပြီးပါအောင် ယူသွားနိုင်တာ ရှိကိုရှိရမယ်လို့ တွေးမိပြီး ပစ္စည်းဥစ္စာ အားလုံး စွန့် လွှတ် လှူဒါန်းပြီး ရသေ့ဘ၀ပြောင်း တရားကျင့်ခဲ့သည်။

(ခ) ဆန္ဒာဓိပတိ

ဘုရားအလောင်းတော်သုမေဓာသည် ဒီပင်္ကရာဘုရားရှင်နှင့် တွေ့ ပြီး နိဗ္ဗာန်သို့  မျက်မှောက်ပြုနိုင်ပေမဲ့  ဒီပင်္ကရာဘုရားရှင် ကဲ့သို့ သတ္တ၀ါများအား လမ်းညွှန်(ကယ်တင်) လိုသော ဆန္ဒာဓိပတိကြောင့်သာလျှင် ဘုရားဆုပန်လေသည်။

(ဂ) ဗျာဒိတ်ယူခြင်း

ယခုမျက်မှောက်နေဆဲ ကမ္ဘာမတိုင်မီ အရှေ့ လေးသင်္ချေ ကမ္ဘာတစ်သိန်းအစ ဒီပင်္ကရာဘုရားရှင်၏ ခြေတော်ရင်း၌ သုမေဓာရှင်ရသေ့ဘ၀မှစပြီး ဘုရားဆုပန် ဗျာဒိတ် ယူခဲ့သည်။
(တစ်ကမ္ဘာသည် မရေတွက်နိုင်အောင်ကြာလှပြီး သင်္ချေတစ်ခုသည် တစ်၏နောက်မှ သုညပေါင်း တစ်ရာ့လေးဆယ်ရှိသည်။)

(ဃ) ပါရမီ (ဆယ်ပါး - ပြားသုံးဆယ်)

၁။ ဒါန = ပေးလှူခြင်း
၂။ သီလ = ကိုယ်နှုတ်စောင့်ထိန်းခြင်း
၃။ နေက္ခမ္မ = ကိလေသာတောမှ ထွက်ခြင်း
၎။ ပညာ = အကြောင်းအကျိုး ဆင်ခြင် ထိုးထွင်းသိခြင်း
၅။ ၀ီရိယ = အားစိုက်ကြိုးစား လုံ့ လရှိခြင်း
၆။ ခ န္တီ = သည်းခံခြင်း
၇။ သစ္စာ = ဖြောင့်မတ်/ မှန်ကန်ခြင်း
၈။ အဓိဌာန် = အဓိဌာန်တည်ဆောက်ခြင်း၊ ပြတ်သားသော ဆန္ဒ
၉။ မေတ္တာ = စင်ကြယ်သောချစ်ခြင်း
၁၀။ ဥပေက္ခာ = လျစ်လျုရှုခြင်း/ အသင့်အားဖြင့်ရှုခြင်း
- မူလပါရမီ (၁၀) ပါး
(ပိုင်ဆိုင်စည်းစိမ်အားလုံးနှင့် ဇနီး၊ သားသမီးပါမကျန် ဖြည့်ခြင်း)
- ဥပပါရမီ (၁၀) ပါး
(စည်းစိမ် + ဇနီး၊ သားသမီးအပြင် မိမိခန္ဓာကိုယ်အစိတ်အပိုင်း ပါဝင် ဖြည့်ခြင်း)
- ပရမတ္ထပါရမီ (၁၀) ပါး
(အသက်ကိုပါမကျန် ဖြည့်ခြင်း)

(င) ပါရမီဖြည့်ပုံ

(၁) ကြာမြင့်လှစွာသောအချိန်
(၂) မရပ်မနား
(၃) ချန်မထားဘဲ
(၄) ရိုရိုသေသေ
(၅) ပျော်ပျော်ကြီးဖြည့်

(စ) တိတိကျကျသေသေချာချာ ပွင့်တော်မူခြင်း

(၁) ပါရမီဖြည့်တာ တိကျသေချာ
(၂) မွေးဖွား နှစ်၊ လ၊ ရက် (မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့ )
(၃) မိဘနှစ်ပါး (သုဒ္ဓေါဒနမင်းကြီး နှင့် မယ်တော်မာယာဒေ၀ီ)
(၄) မွေးဖွားနေရာ (အိန္ဒိယ နှင့် နီပေါနယ်စပ်အနီး၊ နီပေါနိုင်ငံပိုင် လုမ္ဗနီ ဥယျာဉ်)
(၅) လူသားအစစ်ဖြစ်ခြင်း
(၆) မွေးမွေးခြင်း ဘုရားမဖြစ်၊ ကျင့်ပြီးမှဖြစ် (ကျင့်စဉ်အားလုံး တိကျသေချာပြထားသည်)
(၇)ဘုရားဖြစ်သောရက် တိကျသေချာ (မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ )

ဗုဒ္ဓနှင့်ဆိုင်သောနေ့ များ

ကဆုန်လပြည့် (၅) နေ့ 

(၁) ဗျာဒိတ်ယူသည့်နေ့  = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့ 
(၂) ဘုရားမွေးသည့်နေ့  = မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့် (သောကြာနေ့ )
(၃) ဘုရားဖြစ်သည့်နေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့ )
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့  = မဟာသက္ကရာဇ် - ၁၀၄၊ ကဆုန်လပြည့်
(၅) ပရိနိဗ္ဗာန်စံသည့်နေ့  = မဟာသက္ကရာဇ် - ၁၄၈၊ ကဆုန်လပြည့် (အင်္ဂါနေ့ )

( ကဆုန်လပြည့်၊ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပရခြင်း အထိမ်းအမှတ်သည် ဘုရား၏ ပရိဘောဂစေတီကို စုပေါင်းပူဇော်ပြီး ညောင်ပင်အသက်ရှည် စိမ်းလမ်းစိုပြေ သကဲ့သို့  သာသနာတော်သန့် ရှင်း၊ တည်တံ့၊ ပွားများနိုင်ရန်။)

ဝါဆိုလပြည့် (၅) နေ့ 

(၁) ပဋိသန္ဓေတည်သည့်နေ့  = မဟာသက္ကရာဇ် - ၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့ )
(၂) တောထွက်သည့်နေ့  = မဟာသက္ကရာဇ် - ၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့ )
(၃) ဓမ္မစကြာတရားဦးဟောနေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့ )
(၄) သောတာပန်လူသားစပေါ်သည့်နေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့ )
(၅) သံဃာရတနာစပေါ်သည့်နေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့ )

( သာသနာဝင်များသည် ၀ါဆိုလပြည့်နေ့ ၏ အဓိပ္ပာယ်ကို လေးလေးနက်နက်နားလည် သင့်ပေသည်။)

သီတင်းကျွတ်လပြည့်နေ့ 

(၁) ဘုရားရှင်သည် မယ်တော်မိနတ်သားအား ၀ါတွင်းသုံးလလုံး အဘိဓမ္မာတရား ဟောကြားခြင်း
(၂) မိဘအားကျေးဇူးဆပ်ပြီး လူ့ ပြည်ဆင်းစဉ် လူသားများ ဆီမီးဖြင့် ပူဇော်ကန်တော့ခြင်းကို အစွဲပြုပြီး မီးဖြင့်ကန်တော့ကြသည်။

မြတ်ဗုဒ္ဓ အလိုတော်ကျမှာ -

- အဘိဓမ္မာတရားတော် ပြန့် ပွားနားလည်အောင်လုပ်ရန်
- မိဘနှင့်ကျေးဇူးရှင်များကို ကျေးဇူးဆပ် ကန်တော့ရန်

(လွန်ကဲသော မီးထွန်းကြခြင်း၊ ဥပမာ - အိမ်သာမကျန် နှင့် ဗျောက်အိုး နှင့် မီးရှူးမီးပန်းများ ဖောက်ကြခြင်းသည် မိမိတို့ ၏ ထုံးတမ်းအစဉ်အလာအရ လုပ်ကြခြင်းဖြစ်သည်။ )

တပိုတွဲလပြည့်နေ့ 

ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတိုက်၌ ရဟန္တာပေါင်း ၁၂၅၀ တက်ရောက်သော 'ပထမသံဃသန္နိပါတ' ပထမဆုံးသံဃာ့ အစည်းအဝေးကျင်းပပြီး ဘုရားအဆူဆူ ဆုံးမစကား သြ၀ါဒပါတိမောက် ချီးမြှင့်သောနေ့ ဖြစ်ပြီး လက်ျာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာ နှင့် လက်ဝဲရံ အဂ္ဂသာဝက အရှင်မောဂ္ဂလာန်တို့ အား ရာထူးအပ်နှင်းသော နေ့ ဖြစ်သည်။

သြ၀ါဒပါတိမောက်၏ အနှစ်ချုပ်မှာ -

(၁) လွန်စွာချုပ်တည်းခြင်းတည်းဟူသော သည်းခံခြင်းသည် အလွန်မြင့်မြတ်သော အကျင့်ပေတည်း။
(၂) မိမိစိတ်ကို သန့် ရှင်းဖြူစင်စေရာ၏။
(၃) ထူးမြတ်သောအကျင့်၌ လွန်စွာအားထုတ်ရာ၏။

ဓမ္မာစကြာတရားတော်

ဘုရားအလောင်းတော်သည် (၂၉)နှစ်ထိ ကာမဂုဏ် အာရုံတို့ ဖြင့် ပျော်ပါးနေခဲ့သော "ကာမသုခလ္လိကာနုယောဂ" လက်ယာစွန်း ရောက်နေစဉ် လောဘကိုသာ ဖြစ်စေပြီး၊ (၂၉) နှစ်မှ (၃၅) နှစ်အထိ (၆) နှစ်လုံးလုံး ခန္ဓာကိုယ်ကို အမျိုးမျိုး နှိပ်စက်ညှင်းဆဲပြီး ကျင့်သော ဒုက္ကရစရိယာအကျင့် "အတ္တကိလမထာနုယောဂ" လက်ဝဲစွန်း ရောက်နေစဉ် ဒေါသကိုသာ ဖြစ်စေသဖြင့် တရားမရ ဖြစ်နေသောကြောင့် ၎င်းအစွန်း နှစ်ပါးကို ရှောင်ရှားပြီး " မဇ္ဈိမပဋိပဒါ " (ခေါ်) မဂ္ဂင်ရှစ်ပါး အကျင့်ကို ကျင့်မှသာလျှင် သစ္စာလေးပါး ကိုသိမြင်နိုင်သော တရား ဖြစ်သည်ဟု ဟောကြားသော တရားဖြစ်သည်။

သစ္စာတရား (Universal Truth)

အစဉ်ထာဝရ မှန်ကန်သော အမှန်တရား

(က) Person ပုဂ္ဂိုလ်မရွေး
(ခ) Place နေရာမရွေး
(ဂ) Time အချိန်မရွေး မှန်ကန်သော သစ္စာတရား ဖြစ်သည်။

ဗုဒ္ဓသာသနာအနှစ်ချုပ်

သစ္စာလေးပါးသည် အနှစ်ချုပ်ဖြစ်သည်။

(က) သိ = ဒုက္ခသစ္စာ
(ဖောက်ပြန်၊ နှိပ်စက်၊ လိုတာမရ၊ ရတာ မလိုလို့  ဆင်းရဲခြင်း)
(ခ) ပယ် = သမုဒယသစ္စာ
(ဒုက္ခဖြစ်ပေါ်စေသောအကြောင်းတရား - လောဘ)
(ဂ) ဆိုက် = နိရောဓသစ္စာ
(ဒုက္ခသမုဒယချုပ်ငြိမ်းခြင်း - နိဗ္ဗာန်)
(ဃ) ပွား = မဂ္ဂသစ္စာ
(နိရောဓသို့  ဆိုက်ရန်ပွားသော မဂ္ဂင်ရှစ်ပါးအကျင့်)

မဂ္ဂင်ရှစ်ပါး (မဂ္ဂသစ္စာ)

သီလ (၁) မှန်စွာပြော (ပြော)
(စည်းကမ်း) (၂) မှန်စွာပြုမူ ( ပြု )
(ကာယ + ဝစီ) ထိန်း (၃) မှန်စွာအသက်မွေး (မွေး)
သမာဓိ (၄) မှန်စွာဝီရိယ (ဝီ)
(နည်းလမ်း) (၅) မှန်စွာသတိ (တိ)
(မနော) ထိန်း (၆) မှန်စွာသမာဓိ (ဓိ)
ပညာ (၇) မှန်စွာသိမြင် (သိ)
(သဘောတရား) (ဂ) မှန်စွာတွေးခေါ် (တွေး)
(အရှိ / အမှန်)

မဂ္ဂင်ရှစ်ပါးကို ချုံ့ လျှင် သီလ - သမာဓိ - ပညာ သိက္ခာသုံးပါးရပြီး ၎င်းသိက္ခာသုံးပါးကို အနှစ်ချုပ်လျှင် သတိတစ်လုံးသည်သာ ကျန်တော့သည်။ ဗုဒ္ဓ၏ နိဗ္ဗာန်ရောက်ကြောင်းသည် တစ်ကြောင်းတည်းသောလမ်း မဟာသတိပဌာန်တရားဖြစ်သည်။ (သတိတစ်လုံးအရှိသုံး အဆုံးနိဗ္ဗာန်တိုင်)

ကုသိုလ်ကောင်းမှု (၄) မျိုး

၁။ ဒါန (စွန့် လွှတ် - လှူဒါန်း)
၂။ သီလ (ကာယ + ဝစီ ထိန်းသောစည်းကမ်း)
၃။ သမထဘာဝနာ (ကမ္မဌာန်းအာရုံ တစ်ခုတည်းကိုသာ ရှုခြင်း)
၎။ ဝိပဿနာ ဘာဝနာ (ရုပ်နာမ်တရားတို့ ၏ ဖြစ်ပျက်ကို ရှုခြင်း)


မှတ်ချက်

- ဒါန၊ သီလ၊ သမထဘာဝနာ စသည်သုံးမျိုးသည် ဘုရားမပွင့်မှီ ကာလများစွာကပင် ရှိခဲ့ပေသည်။
- လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာများကို ရစေပြီး ကံအကျိုးပေး သာလျှင်ရရှိကာ သံသရာလည်ပြီး ဒုက္ခသစ္စာမှ မလွတ်မြောက်နိုင်ပေ။
- ဘုရားပွင့်လာရခြင်းသည် သတ္တဝါများအားလုံး ဒုက္ခဆင်းရဲ အပေါင်းမှလွတ်မြောက်စေနိုင်သော ဝိပဿနာဘာဝနာ ရှုမှတ်ပွားများနိုင်စေရန် လမ်းညွှန်ပေးရန်ဖြစ်ပြီး ဒုက္ခသစ္စာမှ လွတ်မြောက်ပြီး နိရောဓသစ္စာ (နိဗ္ဗာန်) သို့  မျက်မှောက် ပြုနိုင်သော ဥာဏ်အကျိုးပေး ကို ညွှန်ပြပေးနိုင်ရန် ဖြစ်သည်။

သာသနာ (၃) ရပ်

ဗုဒ္ဓသာသနာ (အဆုံးအမ) သုံးရပ်ရှိသည်။

၁။ ပရိယတ္တိသာသနာ (ဟောပြောခြင်း၊ စာပေမှတ်တမ်းတင်ခြင်း၊ သင်ကြားခြင်း)
၂။ ပဋိပတ္တိသာသနာ (မိမိခန္ဓာကိုယ်တွင်းသို့  မိမိဥာဏ်ဖြင့် ရှုမှတ်ပွားများ လေ့ကျင့်ခြင်း)
၃။ ပဋိဝေဓသာသနာ (ပဋိပတ္တိသာသနာ အကျင့်ကျင့်ပြီးမှသာလျှင် အရှိတရား၊ အမှန်တရား၊ သဘောတရားများသိမြင်လာပြီး မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်၊ နိဗ္ဗာန်သို့  မျက်မှောက်ပြုအကျိုး ရရှိခြင်း)

မှတ်ချက်

ဘုရားသာသနာ သုံးရပ်တွင် - သာသနာပြုရန် ပံ့ပိုးခြင်း၊ လုပ်ဆောင်ခြင်း၊ လေ့ကျင့်ခြင်း ပြုလုပ်နိုင်သည့် အကျင့်နှစ်ဖြာဖြစ်သော ပရိယတ္တိ နှင့် ပရိပတ္တိသာရှိပေသည်။

(ပဋိဝေဓသာသနာသည် ကျင့်ပြီးမှသာလျှင် ရရှိသောအကျိုးဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။)

ဘုရားဂုဏ်တော် (၉) ပါး

(၁) အရဟံ
(က) အရဟံ = လူ နတ် ဗြဟ္မာ တို့ ၏ ပူဇော်အထူးကို ခံထိုက်ခြင်း။
(ခ) အရ ဟံ = ကိလေသာရန်သူတို့ ကို ပယ်သတ်တော်မူပြီး ဖြစ်ခြင်း။
(ဂ) အ ရဟံ = ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။
(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့် သိခြင်း။
(၃) ဝိဇ္ဇာစရဏသမ္ပန္န = အသိဥာဏ် (ဝိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့ နှင့် ပြည့်စုံခြင်း။
(၄) သုဂတ = ကောင်းမြတ်သော စကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း (ကောင်းသောသွားလာခြင်း / လာခြင်း)
(၅) လောကဝိဒူ = လောကကြီး သုံးပါးကို သိခြင်း။ (သတ္တ၊ သြကာသ၊ သင်္ခါရ)
(၆) အနုတ္တရောပုရိသ = ရိုင်းစိုင်းသော တိရိ စ္ဆာန်၊ လူ၊ နတ် တို့ ကို ယဉ်ကျေး သိမ်မွေ့ အောင်ဆုံးမခြင်း။
ဒမ္မသာရထိ
(၇) သတ္ထာဒေဝ = လူ နတ် ဗြဟ္မာ သတ္တဝါအားလုံးတို့ ၏ ဆရာဖြစ်ခြင်း။
မနုဿာနံ
(၈) ဗုဒ္ဓ = အမှန် (သစ္စာ) တရား လေးပါးကို သိခြင်း၊ ဟောကြားပြသခြင်း။
(၉) ဘဂဝါ = ဘုန်းတော် (၆) ပါး နှင့် ပြည့်စုံခြင်း။

တရားဂုဏ်တော် (၆) ပါး

(၁) ဟော = ဘုရားကိုယ်တိုင် ဟောခြင်း။
(၂) ကိုယ် = ကျင့်ကြံသူအတွက် မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ရှုမြင် နိုင်ခြင်း။
(၃) ဆိုင်း = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ် အချိန်မဆိုင်းဘဲ ဖြစ်ခြင်း။
(၄) ဖိတ် = တရားနှင့် ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ် ရဲခြင်း။
(၅) ကပ် = မိမိသ န္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။
(၆) လက် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကို လက်တွေ့ ခံစားနိုင်ခြင်း။

သံဃာဂုဏ်တော် (၉) ပါး

(၁) ကောင်း = ကောင်းသောအကျင့်ရှိခြင်း။
(၂) ဖြောင့် = ဖြောင့်မတ်စွာ ကျင့်ကြံခြင်း။
(၃) နိဗ် = နိဗ္ဗာန်ရောက်ရေး ကျင့်ခြင်း။
(၄) လော = လောကုတ္တရာတရားနဲ့ အညီကျင့်ခြင်း။
(၅) ဝေး = အဝေးက သယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။
(၆) ဧည့် = ဧည့်သည်အတွက် အထူးစီမံထားသည့် ပစ္စည်းကိုပင် အလှူ ခံထိုက်ခြင်း။
(၇) မြင့် = မြင့်မြတ်သော အလှူကို ခံထိုက်ခြင်း။
(၈) လက် = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။
(၉) လယ် = သတ္တဝါအပေါင်းတို့၏ ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ ကောင်းဖြစ်ခြင်း။

စာရေးသူ၏ မှတ်ချက်

တရားဂုဏ်တော် နှင့် သံဃာဂုဏ်တော် တို့၏ ပါဠိတော်တို့ကို မဖော်ပြထားပါ။ ဥပမာ - သွာက္ခာတော ဘဂဝတာ ဓမ္မော ..ကို ဟော ဟုသာ အတိုချုပ်ဖော်ပြထားပါသည်။

သရဏဂုံပျက်သူ

(၁) သေဆုံးသူ
(၂) အခြားဘာသာသို့ ကူးပြောင်းသူ
(၃) ကိုးကွယ်မှု မှားယွင်းသူ

(ဥပမာ - ဘုရားအဆုံးအမတွင်မပါသော သစ်သီးအမျိုးမျိုးကို ၎င်း၊ မခိုင်မာသည့် ရုပ်ပုံ၊ ပန်းပုများကို ၎င်း၊ မမြင်မသိရသည်များကို သူများအပြော မျက်စိမှိတ်ပြီး ကိုးကွယ်သူ)

သရဏဂုံတည်သူ (ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်သူ)

- ဘုရား၊ တရား၊ သံဃာရတနာ သုံးပါးတို့၏ ဂုဏ်တော် (ကျေးဇူး) ကို အစဉ်နှလုံးသွင်းကာ အားကိုးအပ်နှံပြီး ရတနာသုံးပါးတို့၏ အဆုံးအမကိုသာ လိုက်နာကျင့်သုံး နေသူသည်သာလျှင် သရဏဂုံတည်သူ ဖြစ်လေသည်။

http://buddhismworld.ning.com/ မှပြန်လည်ပူဇော်ပါသည်....

by http://matidonation.blogspot.com/2011/06/blog-post_4702.html

မှပြန်လည်ပူဇော်မျှဝေပါသည်ရှင်.... အားလုံးလေးစားခင်မင်လျှက်...

Reshared by Mone Myoe Thu

Sunday, October 28, 2012

မိန်းကလေးများ ပျက်စီးခြင်း (၉) မျိုး - ဆန်နီနေမင်း

တချို့မိဘတွေက သူတို့သမီးပျိုလေးများကို မပျက်စီးအောင် ဘယ်လိုဆုံးမပေးရမလဲ။ ဘယ်လိုပြုလုပ်သင့်ပါသလဲ လို့ မေးလာကြတဲ့အတွက် မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ မိန်းကလေးများ ပျက်စီးခြင်း(၉)မျိုးကို ရေးသားပေးလိုက်ပါတယ်။ ဒီအချက်တွေကို မိမိတို့သမီးများ မပြုလုပ်မိအောင် စောင့်ရှောက်ကာကွယ် သတိပေးထားမယ်၊ သမီးဖြစ်သူများကလည်း စောင့်ထိန်း လိုက်နာမယ်ဆိုရင်တော့ ပျက်စီးခြင်းများကနေ လွတ်ကင်းပါလိမ့်မယ်။


၁။ ပန်းခြံများသို့ အသွားများခြင်း။

၂။ ဥယျာဉ်များသို့ အသွားများခြင်း။

၃။ ရေဆိပ်သို့ အသွားများခြင်း။

၎။ ဆွေမျိုးအိမ်သို့ အသွားများခြင်း။

၅။ မကောင်းတဲ့မိတ်ဆွေများထံသို့ အသွားများခြင်း။

၆။ မှန်ကြည့်ခြင်း၊ အ၀တ်အစား၊ ပန့်နံ့သာဆင်ခြင်ခြယ်သမှုများခြင်း။

၇။ မူးယစ်စေတတ်တဲ့ အရက်သေစာများ သောက်စားခြင်း။

၈။ ပြတင်းပေါက်အပြင်သို့ အကြည့်များခြင်း။

၉။ အိမ်တံခါးဝကနေ မိမိခန္ဓာကိုယ်ကို အလှပြများခြင်း။

အထက်ပါ(၉)ချက်ထဲက တစ်ခုခုလွန်ကဲနေတဲ့ မိန်းကလေးဟာ ပျက်စီးခြင်း ဆိုက်ရောက်ရပါတယ်။ (ကုဏာလဇာတ်၊ ဇာတကပါဠိတော်၊ ဒုတိယအုပ်၊ နှာ-၁၂၀၊)

ဒါတွေကတော့ မြတ်ဗုဒ္ဓခေတ်က နေရာဒေသနဲ့အခြေအနေများ ဖြစ်ပါတယ်။ အဲဒီနေရာဒေသတွေနဲ့ အခြေအနေများကို မျက်မှောက်ခေတ်နဲ့ အစားထိုးကြည့်ပြီး သွားသင့်မသွားသင့်၊ ပြုလုပ်သင့် မပြုလုပ်သင့်ကို နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။

တချို့က မိန်းကလေးများ ဘီယာသောက်ခြင်း၊ အရက်သောက်ခြင်းများဟာ မိန်းကလေးသိက္ခာ မထိခိုက်ဘူး။ မိန်းကလေးဣနြေ္ဒ ကျဆင်းမသွားဘူးလို့ ယူဆတတ်ကြပါတယ်။ အဲဒီလို ယူဆတဲ့မိန်းကလေးများဟာ မိမိတို့မိန်းကလေးတန်ဖိုးကို အလေးမထားသူများသာ ဖြစ်ပါတယ်။ အဲဒီလိုမိန်းကလေးများပြုလုပ်တာကို အပြစ်မဟုတ်ဘူးလို့ ယူဆကြတဲ့ ယောက်ျားလေးများကလည်း သူတို့ကိုယ်တိုင် ယောက်ျာလေးသိက္ခာ မရှိသူများသာ ဖြစ်ပါလိမ့်မယ်။

အထက်ကဖော်ပြခဲ့တဲ့ မိန်းကလေးများ ပျက်စီးခြင်း(၉)မျိုးထဲမှာ အရက်သေစာ သောက်စားခြင်းဆိုတာ ပါနေတဲ့အတွက် ယနေ့ခေတ်မိန်းကလေးများအနေနဲ့ အထူးသတိထား ဆင်ခြင်သင့်တယ်ဆိုတာ မမေ့ပါနဲ့။ မိမိကမိန်းကလေးမို့မိန်းကလေးပီသအောင် နေထိုင်ဖို့လိုပါတယ်။ ယောက်ျားလေးကလည်း

ယောက်ျားလေးပီသအောင်၊ ရဟန်းသံဃာဆိုရင်လည်း ရဟန်းသံဃာပီသအောင်၊ မိဘဆရာသမားလူကြီးဆိုရင်လည်း သူ့အဆင့်နဲ့သူ ပီသအောင်နေထိုင်မှသာ မိမိကိုယ်ကိုကိုယ်လည်း ကြည်ညိုလေးစားမိပြီး အများကလည်း လေးစားတဲ့သူ ဖြစ်နေမှာပါ။

အဲဒါမှသာ လောကရှိသတ္တ၀ါများဟာ သူကိုလည်း ကိုယ်ကလေးစား၊ ကိုယ့်ကိုလည်း သူကလေးစားနေမယ်ဆိုရင် အရာအားလုံးဟာ သင့်တင့်လျောက်ပတ်စွာနဲ့ ပြည့်စုံနေပါလိမ့်မယ်။

စာဖတ်သူများ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာခရီးကို လျင်မြန်စွာ လျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလျက်....။



ဆန်နီနေမင်း

မူရင်း=မိန်းကလေးများ ပျက်စီးခြင်း (၉) မျိုး

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Reference and Credit to ^..^
http://buddhismworld.ning.com/


--
ခင်မင်စွာဖြင့်,

Youngster

တို့နှစ်ယောက်နောက် ခင်ကြီးပေါက်ဟေ့ - ရေးသားသူ တော်ဝင်နွယ်

တခါတုန်းက ပုဂံနေပြည်တော် အနီးအပါးက ရွာကလေးတစ်ရွာမှာ မောင်ပေါက်လို့အမည်ရတဲ့
အမျိုးသားတစ်ယောက် ရှိခ့ဖဲူးတယ်။ မောင်ပေါက်ဟာ ဖတဆိုးလေးဖြစ်တာမို့ ငယ်စဉ်ကတည်းကပဲ
ဘုန်းတောကြီးကျောင်းမှာ နေခ့ရဲ တယ်။ ဥာဏ်အနည်းငယ်ထုံထိုင်းပေမယ့် ရိုးသားသိမ်မွေ့ တဲ့ မောင်ပေါက်ကို
ဘုန်းတော်ကြီးက ဦးစားပေးစောင့်ရှောက်တော်မူပါတယ်။

မောင်ပေါက်ဟာ ဘုန်းတြော်ကီးသင်ပေးတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေကို
ဖတ်ရှုရပြီး ဘုရားအလောင်းတော်ကို အင်မတန်ကြည်ညိုအားကျသလို ကိုယ်တိုင်လဲဘုရားဆုပန်ထားသတ့။ဲ
ဒါကြောင့်မို့ မောင်ပေါက်ဟာ အသက်(၂၀)ပြည့်တ့အဲ ခါ ရဟန်းဘ၀ကိုခံယူပြီး အသက်အရွယ်ကြီးရင့်နေပြီ
ဖြစ်တဲ့ မိခင်ကြီးကို ဆွမ်းခံပြီး ကျွေးမွေးပြုစုပါတယ်။ ပါရမီဆယ်ပါးကိုလည်း တတ်နိုင်သလောက် ဖြည့်ဆည်း
သွားမယ်လို့ ဆုံးဖြတ်ထားသတ့။ဲ

ရဟန်းဘ၀ရောက်သွားတဲ့ မောင်ပေါက်ကို အဲဒီခေတ်တုန်းကတော့ 'ခင်ကြီးပေါက်' လို့ခေါ်ကြတယ်။
ခင်ကြီးဆိုတာ ရဟန်းတွေကိုခေါ်တဲ့ ရှေးခေတ်သုံး ပေါရာဏ ဝေါဟာရတစ်ခုပေါ့။ ခင်ကြီးပေါက်ရဲ့ လိမ္မာ
သိတတ်မှုဟာ သူတို့ရွာမှာတော့ အထင်ကရကိုဖြစ်လို့တဲ့ ၊ များသောအားဖြင့် ခင်ကြီးပေါက်တို့ ရွာသားတွေ
ဟာ အပျော်အပါးလိုက်စားခြင်း (ဣတ္ထိဓုတ္ထ) ၊ အရက်သေစာသောက်စားခြင်း (သုရာဓုတ္ထ) ၊ လောင်းကစား
ကျူးခြင်း (အက္ခဓုတ္ထ) လို့ခေါ်တဲ့ ဓုတ်သုံးပါးကို အလွန်အကျူးလိုက်စားကြတယ်။

ဒါကြောင့် မိဘတွေက သားမိုက်တွေကို အားမရတ့အဲ ခါ 'ခင်ကြီးပေါက်တို့န့ကွဲာပါ့ကွာ' လို့တစ်မျိုး ၊
မယားတွေက လင်ဆိုးတွေကို စိတ်တိုင်းမကျတဲ့အခါ 'ခင်ကြီးပေါက်န့ေဲ တာ့ မိုးန့ေဲ မြ' လို့တစ်ဖုံ နှိုင်းယှဉ်ကရဲ့ 
တတ်ကြတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်ရဲ့ ချွတ်ယွင်းချက်ကို အပြစ်လို့မမြင်တတ်ကြတဲ့ အန္ဓပုထုဇဉ်တွေဟာ
ခင်ကြီးပေါက်ကိုပဲ မလိုတမာရန်ရှာတတ်ကြတယ်။

နောက်ဆုံးတော့ အရက်သမားတစ်စုဟာ ခင်ကြီးပေါက်ကြောင့်သူတို့ကို သူများတွေက က့ရဲ့ ရှုံ့ ချတာ
ကိုခံရတယ်။ ဒါကြောင့်မို့ ခင်ကြီးပေါက်ကိုလည်း သူတို့နဲ့တစ်ဂိုဏ်းသားတည်း ဓုတ်သုံးပါးထဲပါလာအောင်
ခင်ကြီးပေါက် ဖျက်ဆီးရေး အစီအစဉ်ကို ဆွဲကြသတ့။ဲ အစပိုင်းမှာတော့ အရက်သမားတွေဟာ ရွာထဲက
ကလေး တွေကို မုန့်ဖိုးပေးပြီး သီချင်းတစ်ပုဒ်ကို တဘောင်လုပ်ပြီး သီဆိုစေသတဲ့။ နောက်တော့ ခင်ကြီးပေါက်
မကြား ကြားအောင် ခင်ကြီးပေါက်ရဲ့ ကျောင်းအနီးအနားမှာ အရက်သမားနှစ်ယောက်ကို မကြာမကြာ အော်ဆို
ခိုင်းတယ်။

သူတို့ဆိုတာကတော့ -
'နုမှာငါးရာ ၊ ရင့်မှာတကျိပ်
နောင်လာရှစ်သောင်း ဘုရားပေါင်းတဲ့
ဘုရားပေါင်း နောက် တို့နှစ်ယောက်
တို့နှစ်ယောက်နောက် ခင်ကြီးပေါက် ဟေ့' ဆိုတဲ့ သံချပ်လင်္ကာလေးပါပဲ။

တစ်နေ့တော့ ခင်ကြီးပေါက်ဟာ နားနားနေနေ နေရင်း အရက်သမားနှစ်ယောက်ရဲ့  တဘောင်သီချင်း
ကို အသေအချာကြားလိုက်မိသတ့။ဲ ကြားမိတယ်ဆိုရင်ပဲ တဘောင်စကားရဲ့ အနက်အဓိပ္ပါယ်ကို သူနားလည်
သလိုဖေါ်ကြည့်တယ်။ ' အင်း … နုမှာငါးရာ ရင့်မှာတကျိပ်ဆိုတာ ပါရမီနုသေးတ့ဘဲုရားလောင်းကငါးရာ
ပါရမီရင့်မာပြီးသား ဘုရားလောင်းကတကျိပ် နောင်လာရှစ်သောင်း ဘုရားပေါင်းတဲ့ ဆိုတာက အဲဒီ
ဘရုားလောင်း ငါးရာ နဲ့ တကျိပ်နောက်မှာ ဘုရားပေါင်းရှစ်သောင်း ပွင့်တော်မူဦးမယ် ဘုရားပေါင်းနောက်
တို့နှစ်ယောက်ဆိုတာကတော့ အဲဒီဘုရားပေါင်း ရှစ်သောင်းငါးရာတကျိပ် ပွင့်တော်မူပြီးတ့အဲ ခါမှာ အဲဒီ
အရက်သမား နှစ်ယောက် က ဘုရားအဖြစ်ပွင့်တော်မူမယ်လို့ ဆိုလိုတာပဲ။ တို့နှစ်ယောက်နောက်
ခင်ကြီးပေါက်ဟေ့ ဆိုတာကတော့ သူတို့နှစ်ယောက်ဘုရားအဖြစ် ပွင့်ပြီးမှ ငါ့အလှည့်ကျမှာပါလား … ဟာ…
ဒီလိုဆိုရင် ငါဘုရားဖြစ်ဖို့ဟာ အဝေး ကြီးရှိပါသေးလား ငါ့ရဲ့ နောင်တော် ဘုရားလောင်းတွေတောင်မှ
မူးတုန်းရူးတုန်းရှိသေးတယ် ငါလည်း ပွင့်ချိန် မတန်သေးတ့အဲ တူတူ သူတို့လိုပျော်ပျော်ပါးပါး နေဦးမှပါပဲ ' လို့
လည်းစိတ်ကူးမိသတ့။ဲ ဒီလိုနဲ့ တဘောင်စိတ်ကူးနဲ့ အူမြူးနေတဲ့ ခင်ကြီးပေါက်ဟာ မကြာခင်မှာပဲ
ရဟန်းဘ၀ကလူထွက်ပြီး သူရာတင်းကုပ်မှာ အရက်သမားတစ်အုပ်နဲ့ ဓုတ်သုံးဓုတ်အသင်းဝင်သွားပါသတ့။ဲ

ဒီဓမ္မပုံပြင်ကလေးဟာ စမိပေမယ့် စွဲမြဲမှုမရှိတာကြောင့် မအောင်မမြင်ဖြစ်သွားရတဲ့ သာမာန်ပုထုဇဉ်
တွေရဲ့ ဖြစ်ရိုးဖြစ်စဉ် အဖြစ်အပျက်လေးကို သရုပ်ဖေါ်ထားတာပါ။ သန္နိဋ္ဌာန်တစ်စဖေါ်ပြလိုက်တာပါ။ ပုထုဇဉ်
ဘ၀ရဲ့ အိမ်မက်ကောင်းတွေဟာ ဒီလိုအဓိဋ္ဌာန်ပါရမီ မခိုင်မြဲမှုကြောင့်ပဲ တစ်ဝက်တစ်ပျက်နဲ့ ပျောက်ကွယ်ကုန်
ကြရပါတယ်။

သူတော်ကောင်းလမ်းမကြီးပေါ်မှာရှိတဲ့ ဒါနမှု ၊ သီလမှုတွေဟာ အဓိဋ္ဌာန်ပေါက်မှပဲ ပါရမီမြောက်ကြပါ
တယ်။ သတ္တ၀ါတစ်ဦးအနေနဲ့ သံသရာခရီး ပုထုဇဉ်လမ်းမကြီးပေါ်မှာ အဓိဋ္ဌာန်မပေါက်လို့ ပါရမီမမြောက်ဘဲ
စွန့်ပစ်ခ့ရဲ တဲ့ ကောင်းမှုကုသိုလ်တွေဆိုတာ အနန္တအသင်္ချေပါ။ နှမြောစရာကြီးပါ။ စိစစ်ကြည့်ရင် အဓိဋ္ဌာန်ပါရမီ
ဆိုတာ ပါရမီအားလုံးရဲ့ အမြုတေရတနာတစ်ခုဖြစ်ပါတယ်။

အဓိဋ္ဌာန်ပါရမီခိုင်မြဲဖို့ဆိုရင် သူတော်ကောင်းတရားပေါ်မှာ အခြေခံတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရဲတင်း
တ့ယဲုံကြည်ချက် ၊ ပြင်းပြတ့ဆဲ န္ဒ ၊ ထက်သန်တ့လဲုံ့ လ ၊ စွဲမြဲတဲ့သတိ ၊ တည်ကြည်တ့သဲ မာဓိ နဲ့ တောက်ပတဲ့
ပညာတွေရှိဖို့ လိုပါတယ်။ အဲဒီအရင်းအမြစ်တွေမရှိဘဲနဲ့ တော့ အဓိဋ္ဌာန်ပါရမီဆိုတာ သီးပွင့်လာစရာ
အကြောင်းမရှိပါဘူး။ အရင်းအမြစ်မှန်မှ အသီးအပွင့်မှန်ပါတယ်။

တကယ်တော့ ပုံပြင်ထဲက ခင်ကြီးပေါက်ဆိုတာဟာ စာရေးသူအပါအ၀င် သာမာန်ပုထုဇဉ်တွေကို
ကိုယ်စားပြုနေတဲ့ ဇတ်ရုပ်တစ်ရုပ်ပါ။ ပုထုဇဉ်ဆိုတာ သဲသောင်ပြင်ပေါ်မှာ သဲအိမ်တည်ဆောက်တမ်း ကစား
ပျော်မြူးတတ်ကြတဲ့ ကလေးတွေလိုပါပဲ။ သံသရာတစ်ဖက်ကမ်းကို ကူးဖို့ရည်ရွယ်ချက်မရှိပဲ ဒီဘက်ကမ်းလို့
ဆိုတဲ့ 'လောကီဘ၀' သဲသောင်ပြင်ပေါ်မှာပဲ 'အဓိဋ္ဌာန်ပါရမီသဲအိမ်' တွေတည်ဆောက်ပြီး ပျော်မြူးနေ
ကြတယ်။ တည်ဆောက်လိုက် ၊ ပျက်စီးသွားလိုက် ၊ ပြန်တည်ဆောက်လိုက်နဲ့ ပျော်နေလိုက်ကြတာ
ဘယ်သောအခါမှ ပွင့်တော်မမူမယ့် ဘုရားလောင်းဘ၀နဲ့ပေါ့။

တော်ဝင်နွယ်

( အပ္ပမာဒ မဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၉)မှ တော်ဝင်နွယ်၏ ဆောင်းပါးကို ပြန်လည် မျှဝေအပ်ပါသည်။ )
ဗုဒ္ဓဘာသာ၊ သာသနာနှင့် လူမှုအကျိုး သယ်ပိုးထမ်းရွက်လိုသူများအား Lotus Foundation မှ
နွေးထွေးသောလက်များဖြင့် ကမ်းလင့်ကြိုဆို ပါ၏။
www.lotusfoundationmm.org (18/12/09)
Lotus စာစဉ် အမှတ်(၁၃) ဘာသာရေး
Source and Credit to lotusfoundationmm.org

Thursday, October 25, 2012

Myanmar ancient tower temporarily closed


Myanmar ancient tower temporarily closed
Published on Friday, 12 October 2012 05:30
1

InnWaa-Tower

A 19th century Innwa watchtower in Innwa (Photo - EMG)

The archaeology department has temporarily closed down a 19th century watchtower inside Innwa, Myanmar's ancient capital.

An official from the department said the 27-meter high Nanmyin tower will undergo renovation as the staircase leading to the top has been rotting away. He added the tower is also tilted to one side, having gone through several earthquakes.

The centuries-old tower was severely damaged after two earthquakes in 1830 and 1839. The staircase and the spire-shaped roof were restored in 1991, while the square-shaped masonry building remained in its original state.

The tower was built inside the palace complex when King Bagyidaw rebuilt the Innwa capital in 1823.Innwa or Ava, located in central Mandalay Region, is an ancient imperial capital of Myanmar kingdoms from the 14th to 19th centuries.

Landmarks such as Mae Nu Oak Kyaung, the Bargaya Monastery, and other ancient pagodas are also popular tourist destinations.

Visitors will be allowed to go up the tower once renovation has been completed.

--

From: Than Tun Oo
Date: Thu, Oct 25, 2012 at 10:06 PM

Saturday, October 20, 2012

ဒီလို ဒွန့် ဒွန့် ဒွန့် လုပ်ရုံနဲ့ ကျေမယ်လား

ဆရာတော် ဦးသုမင်္ဂလ (မင်္ဂလာတိုက်) ၏ မနေ့ညက မရမ်းကုန်းမြို့မယ် ဇမ္မူသီရိကျောင်းတိုက်မှာ ကျင်းပတဲ့ ဓမ္မသဘင် တရားပွဲ ဒုတိယည (၂၀၁၀ ဇန်-၁၉) မှာ ကမ္မဝိဘင်ဂသုတ်ကို ဟောသွားပါတယ်။ ကံ ကံ၏ အကျိုးပေါ့ဗျာ။ အဲ့တရားပွဲမှာ ကြုံကြိုက်တုန်း ဆရာတော်က ဆုံးမသွားတာလေး ရှိပါတယ်။

  • စာနဲ့တိုင်တာကော၊ ခွေပို့ပြီးလာတာကော အများကြီးပဲ မအားလို့ ဖွင့်မကြည့်ရသေးဘူး။
  • အကုသိုလ်ကံနဲ့ ကုသိုလ်ကံ ချေလို့ မရဘူးဆိုတာ ဘုရားဟော အစစ်။
  • ဒီလို ဒွန့် ဒွန့် ဒွန့် လုပ်ရုံနဲ့ ကျေမယ်လား စဉ်းစားသာ ကြည့်တော့။
  • လူတိုင်းမှာ ချိန်ခွင်တစ်လက် ဆောင်ထားဘို့ လိုတယ်။
  • သင့်၏ မသင့်၏ ဟုတ်၏ မဟုတ်၏ အကျိုးအကြောင်း အဆိုးကောင်းကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ချိန်ခွင် (သမ္မာဒိဌိ)။
  • သံဃာ၏ အလုပ်မှာ ဗုဒ္ဓဘာသာဝင် တိုးပွားများပြားလာရေး အဓိက မဟုတ်
  • ဗုဒ္ဓဘာသာဝင်များ သစ္စာကို သိမြင်၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ရေးအတွက် လမ်းညွှန်ပြဘို့သည်သာ အဓိကဖြစ်။

ဆရာတော့်စကား ပြန်သုံးရရင် လူတိုင်းမှာ ချိန်ခွင်တစ်လက် ဆောင်ထားဘို့ပဲ လိုပါတယ်။ (သာဓု...သာဓု...သာဓု...ပါ ဘုရား)

by Lu Zein on Thursday, 20 January 2011 at 09:51 in Lu Zein's Notes

ကာလာမ သုတ်

(ဒီနေ့တော့ ဆရာတော် ဦးဇောတိကရဲ့ ဘာကိုတန်ဖိုးထားရမလဲ စာအုပ်ထဲက ကာလမ သုတ်ကို ဝေမျှလိုက်ပါတယ်။)

 

ကိုယ့်မှာ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထိုးထွင်းထွင်း သိဖို့မြင်ဖို့ (self-knowledge) နဲ့ creativity ဆိုတာ ဖြစ်လာဖို့ဆိုတာ သတ္တိရှိရှိ ရိုးရိုးသားသား ရင်ဆိုင်မှပဲ ရတယ်။ အဲဒီလို မဟုတ်ပဲနဲ့ မျက်ကန်းယုံကြည်မှုနဲ့ နေမယ်၊ ပုံသေကားချ မှတ်သားထားတဲ့ အတိုင်းပဲ ကိုယ့်ဘ၀ ကိုယ်နေသွားမယ် ဆိုရင် ကိုယ့်မှာ new creativity ဆိုတာဖြစ်လာမှာ မဟုတ်တော့ဘူး။ အမှန်တော့ အမှန်တရားတစ်ခုခုကို ကိုယ်ပိုင်ဉာဏ်နဲ့ နက်နက်နဲနဲ ထိုးထွင်းပြီး သိမြင်လိုက်ရတာဟာ လူသားတစ်ယောက်အနေနဲ့ ရနိုင်တဲ့ အကောင်းဆုံးအရာ ဖြစ်တယ်။

 

အမှန်တရားတစ်ခုဟာ သူ့ဟာသူ မှန်နေပေမဲ့၊ ကိုယ်ကိုယ်တိုင်က ကိုယ်ပိုင်ဉာဏ်နဲ့ မသိသေးဘူးဆိုရင် အဲဒါ ကိုယ့်အတွက်တော့ အမှန်တရား အဖြစ်ကို မရောက်သေးဘူး။ ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ မှနတယ်လို့ သိလိုက်တဲ့ အချိန်ကျမှသာ အဲဒါ ကိုယ့်အတွက် အမှန်တရား ဖြစ်လာတယ်။

 

ဒီအကြောင်းကို ပြောရင်းနဲ့ မြတ်စွာဘုရားဟောတဲ့ ကာလာမသုတ်ဆိုတာကို သွားသတိရတယ်။ ကာလာမသုတ်မှာ မြတ်စွာ ဘုရားက

 

"မာ အနုဿဝေန" ကြားပါများတာနဲ့ပဲ မှန်ပြီ (သို့) မှားပြီ၊ တစ်ခုခုကို မှားတယ်၊ မှန်တယ်လို့ မဆုံဖြတ်ပါနဲ့တဲ့။

 

"မာ ပရမ္ပရာယ" ဘိုးဘွား စဉ်ဆက် လက်ခံခဲ့တဲ့ အယူအဆဖြစ်လို့ မှန်တယ် လို့ မယူဆပါနဲ့တဲ့။

 

"မာ တက္ကဟေတု" တက္ကနည်းတွေနဲ့ အကျိုးကြောင်း ဆင်ခြင်ကြည့်လိုက်ပြီးတော့ မှန်တယ်လို့ မယူဆပါနဲ့။

 

"မာ နယဟေတု" နည်းမှီပြီးတော့ ကြံဆတွေးတောပြီးတော့ ရလာတဲ့ အဖြေနဲ့လည်း အမှန်တယ်လို့ မယူဆပါနဲ့တဲ့။

 

"မာ ဘဗ္ဗရူပတာယ" ပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ်က အထင်ကြီးတယ်၊ ကြည်ညိုတယ်၊ လေးစားတယ်၊ ဒါကြောင့်မို့လို့ သူပြောတာ မှန်တယ်လို့လည်း မယူဆပါနဲ့တဲ့။

 

"မာ ပိဋကသမ္ပဒါဒေန" ပိဋကစာပေနဲ့ ကိုက်ညီနေလို့လည်း မှန်တယ်လို့ မယူဆပါနဲ့တဲ့။

 

"မာ သာမဏော နောဂရူတိ" ဒီရဟန်းဟာ တို့ရဲ့ ဆရာပဲ၊ ဒါကြောင့် သူပြောတာ မှန်တယ် လို့ပဲ လက်ခံရမှာပဲ လို့ဆိုပြီး မှန်တယ်လို့ လက်ခံပါနဲ့။

 

ဒီနေရာမှာ သာမဏော ဆိုတဲ့ ပုဒ်ထဲမှာ မြတ်စွာဘုရားပါ အကျုံးဝင်တယ်။

 

ဒါကြောင့် အဲဒီသုတ်ထဲမှာပဲ မြတ်စွာဘုရားက ကိုယ်ကိုယ်တိုင် ကျင့်သုံးကြည့်ပြီးတော့ အကျိုးရှိရင် လုပ်ပါတဲ့။ ကိုယ်တွေ့ ကိုယ်ပိုင်ဉာဏ်နဲ့ သိတာကို အင်မတန် ဦးစားပေးတဲ့ မြတ်စွာဘုရားဖြစ်တယ်။ ဘာလို့တုန်းဆိုတော့ ကိုယ်ပိုင်ဉာဏ်နဲ့ မသိပဲ ယုံကြည်နေရုံ သက်သက်ဟာ သိပ်ခရီးမရောက်ဘူး၊ မနက်နဲဘူး။ ဒါကြောင့် ကိုယ်ပိုင်ဉာဏ်နဲ့ သိဖို့၊ ကိုယ်တိုင် ဆုံးဖြတ်ဖို့၊ ကိုယ်တိုင် ရွေးချယ်ဖို့ ဆိုတာဟာ ဒီမြတ်စွာဘုရားရဲ့ အဆုံးအမထဲမှာ အင်မတန် အရေးကြီးတဲ့ အဆုံးအမဖြစ်နေတယ်။

 

Credit: http://ywetwar.multiply.com/journal/item/261/261?&show_interstitial=1&u=%2Fjournal%2Fitem

by Lu Zein on Wednesday, 1 February 2012 at 09:53 ·in Lu Zein's Notes

နိဗ္ဗာန် ကို ဘယ်လိုသွားရင် ရောက်နိုင်ပါသလဲ - အရှင်ဝရသာမိ (မုံရွာ)

ပုဏ္ဏားကြီး အမေး၊ မြတ်ဗုဒ္ဓဖြေ

 

အရှင်ဂေါတမ၊ နိဗ္ဗာန်ဆိုတာရှိသလား

 

ရှိပါတယ်-ပုဏ္ဏားကြီး

 

အရှင်က နိဗ္ဗာန်ရှိတဲ့နေရာကို သိပါသလား

 

သိပါတယ်

 

နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်ဆိုတာ ရှိပါသလား

 

ရှိပါတယ်-ပုဏ္ဏားကြီး

 

အဲဒါကို အရှင်ဂေါတမက ဟောနိုင်ပါသလား

 

ဟောနိုင်ပါတယ်

 

အရှင်ဂေါတမ ဟောပြပေးတာကို နာရသူတိုင်း အဲဒီနိဗ္ဗာန်ဆီ

ရောက်ပါသလား

 

ရောက်တဲ့သူတွေလဲ ရှိပါတယ်၊ မရောက်တဲ့သူတွေလဲ ရှိပါတယ်

 

ဘယ်လိုဖြစ်လို့လဲ-အရှင်ဂေါတမ မရောက်တဲ့သူတွေက ဘာဖြစ်လို့

မရောက်ကြတာလဲ

 

မြတ်ဗုဒ္ဓအမေး ပုဏ္ဏားကြီး အဖြေ

 

ပုဏ္ဏားကြီး-သာဝတ္ထိမြို့ဆိုတာ ရှိပါသလား

 

ရှိပါတယ်၊ အရှင်ဂေါတမ

 

သာဝတ္ထိမြို့ရှိတဲ့နေရာကို သင်သိပါသလား

 

သိပါတယ်၊ အရှင်ဂေါတမ

 

သာဝတ္ထိမြို့သို့ ရောက်စေနိုင်တဲ့လမ်းကရော ရှိသလား

 

ရှိပါတယ်- အရှင်ဂေါတမ

 

အဲဒီလမ်းကို ပုဏ္ဏားကြီးက ပြောပြပေးနိုင်ပါသလား

 

ပြောပြပေးနိုင်ပါတယ်-အရှင်ဂေါတမ

 

ပုဏ္ဏားကြီးပြောပြတာကို သိတဲ့သူတိုင်း သာဝတ္ထိမြို့သို့ ရောက်ပါ

သလား

 

ရောက်တဲ့သူတွေလဲ ရှိတယ်၊ မရောက်တဲ့သူတွေလဲ ရှိပါတယ်

 

ဘယ်လိုဖြစ်လို့လဲ- ပုဏ္ဏားကြီး

 

တပည့်တော် နားလည်သွားပါပြီ အရှင်ဘုရား။ ပြောပြပေးထားတဲ့

အတိုင်း သေချာမှတ်သားပြီး သေချာလိုက်နာပြီး သွားသူတွေပဲ ရောက်ပါ

တယ် အရှင်ဘုရား


author: အရှင်ဝရသာမိ (မုံရွာ)

Oct 24, '09 11:45 AM

 

Source: http://dhammaanalysis.multiply.com/journal/item/53

http://www.sbay-student.org/

www.dhammaanalysis.multiply.com/


---------------------

by Lu Zein on Friday, 9 December 2011 at 10:33 in Lu Zein's Notes

*မီးခိုးကိုကြည့်၍ မီးရှိမှန်းသိနိုင်ပုံ* by လင်္ကာ အရှင်

*မီးခိုးကိုကြည့်၍ မီးရှိမှန်းသိနိုင်ပုံ*

                   လူအချို့သည် ဗုဒ္ဓဘာသာအမည်ခံထားသော်လည်း ကမ္မဿကတ သမ္မာဒိဋ္ဌိပင် အမြင်ကြည်လင်မှုမရှိသေးချေ။ မိမိကံစီမံရာအတိုင်း ပုဆိုးကွဲကျောပြဲနှင့်နေရစေကာမူ မိမိ၏ရရှိခံစားရတဲ့အကျိုးတရားကိုသုံးသပ်ပြီး မိမိအတိတ်ကမည်သူမည်ဝါ မည်သည့်ကံတွေကိုမိမိဖန်တီးခဲ့ပါလိမ့်လို့ လှမ်းမျှော်မှန်းဆကာ မိမိမှာလိုအပ်ခဲ့မပြည့်စုံခဲ့တဲ့အရာတွေကို ဖြည့်ဆည်းပြုလုပ်လို့ရနိုင်ကြောင်းကို စူဠကမ္မ၀ိဘင်္ဂသုတ်တော်အရ သိမြင်နိုင်ပေ၏။
    ထို့ကြောင့် ယင်းစူဠကမ္မ၀ိဘင်္ဂသုတ်တော်ကို ဖတ်ရှုလေ့လာကြရင်း မိမိရရှိခံစားအပ်သော ကောင်းကျိုးဆိုးကျိုးအမျိုးမျိုးတို့အပေါ်မှာ မည်သည့်အတွက်ကြောင့် မည်သည့်ကံကြောင့် ယင်းသို့ရရှိခံစားခွင့်ရရှိသည်ကို သိရှိနားလည်ပြီး ကောင်းသထက်ကောင်းအောင် ပြင်ဆင်ဖြေ့ဆည်းနိုင်ကြပါစေသတည်း။
                                        .............................................
                                                   *စူဠကမ္မဝိဘင်္ဂသုတ်*

      အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

     အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ တောဒေယျပုဏ္ဏား၏သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက် ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏-
     အသျှင်ဂေါတမ လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်း ဖြစ်ကြကုန်လျက် ယုတ်ခြင်း, မြတ်ခြင်း တို့ကို တွေ့မြင်ရပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင်ဂေါတမ အသက်တိုသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အသက်ရှည်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အနာရောဂါများသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အနာရောဂါကင်းသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အဆင်းမလှသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အဆင်းလှ သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အခြံအရံမရှိသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အခြံ အရံများသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ စည်းစိမ်ဥစ္စာနည်းသော လူတို့ကိုလည်း တွေ့မြင်ရပါ ကုန်၏၊ စည်းစိမ်ဥစ္စာများသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အမျိုးယုတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အမျိုးမြတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ ပညာမဲ့သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ ပညာရှိသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အသျှင်ဂေါတမ လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်းဖြစ်ကြကုန်လျက် ယုတ်ခြင်း မြတ်ခြင်းတို့ကို တွေ့မြင်ရပါကုန်၏။ ထိုအကြောင်း ရင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်ထား၏)။

      လုလင် သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာရှိကုန်၏၊ ကံ၏ အမွေခံတို့ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် ဆွေမျိုးရှိကုန်၏၊ ကံသာလျှင် မှီခိုရာရှိကုန်၏၊ ကံသည်သာလျှင် သတ္တဝါ တို့ကို အယုတ်အမြတ်ဖြစ်ခြင်းငှါ ခွဲခြမ်းဝေဖန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမသည် အကျဉ်းချုပ် ဟောထားတော်မူ၍ အကျယ်အားဖြင့် အနက်ကို မဝေဖန်အပ်သော ဤတရားစကား၏ အနက်သဘောကို အကျယ်အားဖြင့် အကျွန်ုပ် မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် အကျဉ်းအားဖြင့် ဟောထား၍ အနက်သဘောအကျယ်အားဖြင့် မဝေဖန်အပ်သော ဤတရား၏ အနက်အဓိပ္ပါယ်ကို အကျွန်ုပ်သိနိုင်အောင် တရားဟောတော်မူပါဟု (လျှောက်ထားတောင်းပန်၏)။

    ၂၉ဝ။ လုလင် ထိုသို့ဖြစ်မူ နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။ ''အသျှင် ကောင်းပါပြီ''ဟု တောဒေယျပုဏ္ဏား၏ သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော စကားကို မိန့်တော်မူ၏-
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူသည် အသက်ကို သတ်လေ့ ရှိ၏၊ ကြမ်းကြုတ်၏၊ သွေးစွန်းသော လက်ရှိ၏၊ သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စား၏၊ အလုံးစုံသော သတ္တဝါတို့၌ သနားခြင်း ကင်းမဲ့၏၊ ထိုအသက်ကို သတ်လေ့ရှိသူသည် ဤသို့ပြည့်စုံသော ဤသို့ မှားယွင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အသက်တိုရ၏၊ လုလင် ထိုအသက်ကိုသတ်ခြင်း ကြမ်းကြုတ် ခြင်း သွေးစွန်းသောလက်ရှိခြင်း သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စားခြင်း အလုံးစုံသောသတ္တဝါတို့၌ သနား ခြင်းကင်းမဲ့ခြင်းသည် အသက်တိုခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၁)

      လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားခြင်းရှိ၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ထို အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အသက်ရှည်ရ၏၊ လုလင် ထိုအသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း တုတ်ကို ချထားပြီးဖြစ်ခြင်း လက်နက်ကို ချထားပြီးဖြစ်ခြင်း အရှက်ရှိခြင်း အသနားရှိခြင်း အလုံးစုံသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားခြင်းသည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၁)

      ၂၉၁။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် လက်ဖြင့်လည်း ကောင်း၊ ခဲဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိ၏။ ထိုသတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့ လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အနာရောဂါ များ၏၊ လုလင် လက်ဖြင့်လည်းကောင်း၊ ခဲဖြင့်လည်း ကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ လက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိခြင်းသည် အနာ ရောဂါများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၂)

      လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် လက်ဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့မရှိ။ ထိုသတ္တဝါတို့ကို ညှဉ်းဆဲလေ့မရှိသောသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ် ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အနာရောဂါကင်း၏၊ လုလင် လက်ဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ခဲဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင့်းသတ္တဝါတို့ကို ညှဉ်းဆဲလေ့မရှိခြင်းသည် အနာရောဂါကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၂)

     ၂၉၂။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူသည် အမျက်ဒေါသ ထွက်တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်းများ၏၊ အနည်းငယ်မျှပင် မနှစ်သက်ဖွယ်စကားကို ဆိုသည်ရှိသော် လွန်စွာ စွဲမြဲငြိကပ်၏၊ အမျက်ထွက်၏၊ ဖျက်ဆီး၏၊ ဆန့်ကျင်လျက် တည်၏၊ အမျက်ထွက်ခြင်းကိုလည်း ကောင်း၊ ဖျက်ဆီးခြင်းကိုလည်းကောင်း၊ မယုံကြည်ခြင်းကိုလည်းကောင်း ထင်စွာပြု၏၊ ထိုဒေါသကြီးသူ သည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အရုပ်ဆိုး၏၊ လုလင် အမျက်ဒေါသထွက်ခြင်း ပြင်းစွာပင်ပန်းမှုများခြင်း အနည်းငယ်မျှလည်း မနှစ်သက်ဖွယ်စကားကိုဆိုသည်ရှိ သော် လွန်စွာ စွဲမြဲငြိကပ်ခြင်း အမျက်ထွက်ခြင်း ဖျက်ဆီးခြင်း ရှေးရှုတည်ခြင်း အမျက်ထွက်ခြင်းကိုလည်း ကောင်း၊ ဖျက်ဆီးခြင်းကိုလည်းကောင်း၊ မယုံကြည်ခြင်းကိုလည်းကောင်း ထင်စွာပြုခြင်းသည် အရုပ်ဆိုးခြင်း ကို ဖြစ်စေတတ်သော အကျင့်တည်း။ (၃)

      လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူသည် အမျက်ဒေါသထွက်လေ့ မရှိ၊ ပြင်းစွာ ပင်ပန်းခြင်းများလေ့မရှိ၊ များစွာလည်း မနှစ်သက်ဖွယ်စကားကို ဆိုသော်လည်း လွန်စွာ စွဲစွဲမြဲမဲ မငြိကပ်၊ အမျက်မထွက်၊ မဖျက်ဆီး၊ ရှေးရှုမတည်၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ဖျက်ဆီး ခြင်းကိုလည်းကောင်း၊ မယုံကြည်ခြင်းကိုလည်းကောင်း ထင်စွာမပြု၊ ထိုဒေါသမကြီးသူသည် ဤသို့ ပြည့်စုံ သော ဤသို့ ကောင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာအမျိုး၌ လှပသောအဆင်းရှိ၏၊ လုလင် အမျက်ထွက်လေ့မရှိခြင်း ပြင်းစွာပင်ပန်းမှုမများ ခြင်း မနှစ်သက်ဖွယ်စကားကို များစွာဆိုသော်လည်း လွန်စွာ စွဲစွဲမြဲမြဲ မငြိကပ်ခြင်း အမျက်မထွက်ခြင်း မဖျက်ဆီးခြင်း ရှေးရှုမတည်ခြင်း အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ဖျက်ဆီးခြင်းကိုလည်းကောင်း၊ မနှစ် သက်ခြင်းကိုလည်းကောင်း ထင်စွာမပြုခြင်းသည် လှပသောအဆင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၃)

        ၂၉၃။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူသည် ငြူစူခြင်းနှင့်ယှဉ် သော စိတ်ရှိ၏၊ သူတစ်ပါးတို့ လာဘ်များခြင်း သူတစ်ပါးတို့လာဘ်ရခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း ပူဇော်ခံရခြင်းတို့၌ ငြူစူ၏၊ ငြူစူခြင်း၏အစွမ်းဖြင့် ဆဲရေးပြစ်မှား၏၊ ငြူစူခြင်းကို ဖွဲ့နှောင်၏၊ ထိုငြူစူ မနာလိုသူသည် ဤသို့ ပြည့်စုံသော ဤသို မှားယွင်းစွာဆောက်တည် သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အခြံအရံနည်း၏၊ လုလင် ငြူစူခြင်းနှင့် ယှဉ်သော စိတ်ရှိခြင်း သူတစ်ပါးတို့ လာဘ်များခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း ပူဇော်ခံရခြင်းတို့၌ ငြူစူခြင်း ငြူစူခြင်းအစွမ်းဖြင့် ဆဲရေးပြစ်မှားခြင်း ငြူစူခြင်းကို ဖွဲ့နှောင်ခြင်းသည် အခြံအရံမရှိခြင်းကို ဖြစ်စေတတ် သော အကျင့်တည်း။ (၄)
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သော သူသည် ငြူစူခြင်းနှင့် မယှဉ်သော စိတ်ရှိ၏၊ သူတစ်ပါးတို့၏ လာဘ်များခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင့်းပူဇော်ခံရခြင်းတို့၌ မငြူစူ၊ ငြူစူခြင်း၏အစွမ်းဖြင့် မဆဲရေး မပြစ်မှား၊ ငြူစူခြင်းကို မဖွဲ့နှောင်၊ ထိုငြူစူခြင်း မနာလိုခြင်းကင်းသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာဆောက်တည်သော ထိုကံ ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက် ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အခြံအရံများ၏၊ လုလင် မငြူစူ ခြင်းနှင့်ယှဉ်သော စိတ်ရှိခြင်း သူတစ်ပါးတို့ လာဘ်များခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း ပူဇော်ခံရခြင်းတို့၌ မငြူစူခြင်း ငြူစူခြင်း၏အစွမ်းဖြင့် မဆဲရေးမပြစ်မှားခြင်း ငြူစူခြင်းကို မဖွဲ့ နှောင်ခြင်းသည် အခြံအရံများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၄)

     ၂၉၄။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သော သူသည် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ကျောင်း ဆီမီးကို မပေးလှူ၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့ လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ စည်းစိမ်ဥစ္စာနည်း၏၊ လုလင် သမဏအားလည်းကောင်း၊ ဗြာဟ္မဏ အားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာကျောင်း ဆီမီးကို မပေးလှူခြင်းသည် စည်းစိမ်ဥစ္စာနည်းခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၅)

      လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သော သူသည် သမဏအားလည်း ကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာကျောင်း ဆီမီးကို ပေးလှူ၏၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည် သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ စည်းစိမ်ဥစ္စာ ပေါများ၏၊ လုလင် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ကျောင်း ဆီမီးကို ပေးလှူခြင်းသည် စည်းစိမ်ဥစ္စာ ပေါများ ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၅)

     ၂၉၅။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သော သူသည် ခက်ထန်၏၊ ထောင်လွှားတက်ကြွ၏၊ ရှိခိုးထိုက်သူကို ရှိမခိုး၊ ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးမကြိုဆို။ နေရာပေးထိုက် သူကို နေရာမပေး၊ လမ်းခရီးပေးထိုက်သူကို လမ်းခရီးမပေး၊ အရိုအသေပြုထိုက်သူကို အရိုအသေမပြု၊ အလေးပြုထိုက်သူကို အလေးမပြု၊ မြတ်နိုးထိုက်သူကို မမြတ်နိုး၊ ပူဇော်ထိုက်သူကို မပူဇော်၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အမျိုးယုတ်၏၊ လုလင် ထိုခက်ထန်ခြင်း ထောင်လွှားတက်ကြွခြင်း ရှိခိုးထိုက်သူကို ရှိမခိုးခြင်း ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦး မကြိုဆိုခြင်း နေရာပေးထိုက်သူကို နေရာမပေးခြင်း လမ်းခရီးပေးထိုက်သူကို လမ်းခရီးမပေးခြင်း အရိုအသေပြုထိုက်သူကို အရိုအသေမပြုခြင်း အလေးပြုထိုက်သူကို အလေးမပြုခြင်း မြတ်နိုးထိုက်သူကို မမြတ်နိုးခြင်း ပူဇော်ထိုက်သူကို့မပူဇော်ခြင်းသည် ယုတ်နိမ့်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့် တည်း။ (၆)

      လုလင် ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သော သူသည် မခက်ထန် မထောင်လွှား မတက်ကြွ ရှိခိုးထိုက်သူကို ရှိခိုး၏၊ ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးကြိုဆို၏၊ နေရာပေးထိုက်သူကို နေရာပေး၏၊ လမ်းခရီးပေးထိုက်သူကို လမ်းခရီးပေး၏။ အရိုအသေပြုထိုက်သူကို အရိုအသေပြု၏၊ အလေးပြုထိုက်သူကို အလေးပြု၏၊ မြတ်နိုးထိုက်သူကို မြတ်နိုး၏၊ ပူဇော်ထိုက်သူကို ပူဇော်၏၊ ထိုသူ သည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အမျိုး မြတ်၏၊ လုလင် ထိုမခက်ထန်ခြင်း မထောင်လွှားခြင်း မတက်ကြွခြင်း ရှိခိုးထိုက်သူကို ရှိခိုးခြင်း ခရီးဦးကြိုဆို ထိုက်သူကို ခရီးဦးကြိုဆိုခြင်း နေရာပေးထိုက်သူကို နေရာပေးခြင်း လမ်းခရီးပေးထိုက်သူကို လမ်းခရီးပေးခြင်း အရိုအသေပြုထိုက်သူကို အရိုအသေပြုခြင်း အလေးပြုထိုက်သူကို အလေးပြုခြင်း မြတ်နိုးထိုက်သူကို မြတ်နိုးခြင်း ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြင့်မြတ်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့်တည်း။ (၆)

       ၂၉၆။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် ''အသျှင်ဘုရား အဘယ်တရားသည် ကုသိုလ် ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရား သည် အပြစ်ကင်းပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါ သနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း''ဟု အဖန်ဖန် မေးမြန်းခြင်းကိုမပြု၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက် ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ ပညာမဲ့၏၊ လုလင် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် ''အသျှင်ဘုရား အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရား သည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်ကင်းပါ သနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါသနည်း၊ အဘယ်သို့ ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ် သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း''ဟု အဖန်ဖန် မေးမြန်းခြင်းကို မပြုခြင်းသည် ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၇)

      လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် ''အသျှင်ဘုရား အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ် တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်ကင်း ပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်သောတရားပါနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း''ဟု အဖန်ဖန် မေးမြန်းခြင်းကို ပြု၏၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍့သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ ပညာကြီး၏၊ လုလင် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် ''အသျှင် ဘုရား အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်မရှိပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း''ဟု အဖန်ဖန် မေးမြန်းမှုပြုခြင်းသည် ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၇)

       ၂၉၇။ လုလင် ဤသို့လျှင် အသက်တိုခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက်တိုခြင်းသို့ ဆောင်တတ်၏၊ အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက်ရှည်ခြင်းသို့ ဆောင်တတ်၏၊ အနာရောဂါများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါများခြင်းသို့ ဆောင်တတ်၏၊ အနာ ရောဂါကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါကင်းခြင်းသို့ ဆောင်တတ်၏၊ အဆင်းမလှ ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အဆင်းမလှခြင်းသို့ ဆောင်တတ်၏၊ အဆင်းလှခြင်းကို ဖြစ်စေ တတ်သော အကျင့်သည် အဆင်းလှခြင်းသို့ ဆောင်တတ်၏၊ အခြံအရံမရှိခြင်းကို ဖြစ်စေတတ်သော အကျင့် သည် အခြံအရံမရှိခြင်းသို့ ဆောင်တတ်၏၊ အခြံအရံများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အခြံအရံ များခြင်းသို့ ဆောင်တတ်၏၊ စည်းစိမ်ဥစ္စာနည်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာ နည်းခြင်းသို့ ဆောင်တတ်၏၊ စည်းစိမ်ဥစ္စာများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာများ ခြင်းသို့ ဆောင်တတ်၏၊ အမျိုးယုတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးယုတ်ခြင်းသို့ ဆောင် တတ်၏၊ အမျိုးမြင့်မြတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးမြင့်မြတ်ခြင်းသို့ ဆောင်တတ်၏၊ ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် ပညာမဲ့ခြင်းသို့ ဆောင်တတ်၏၊ ပညာကြီးခြင်းကို ဖြစ်စေ တတ်သော အကျင့်သည် ပညာကြီးခြင်းသို့ ဆောင်တတ်၏၊ လုလင် သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံတို့ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် ဆွေမျိုးရှိကုန်၏၊ ကံသာလျှင် မှီခိုရာရှိကုန်၏၊ ကံသည်သာလျှင် သတ္တဝါတို့ကို အယုတ်အမြတ်ဖြစ်ခြင်းငှါ ခွဲခြမ်းဝေဖန်၏ဟု မိန့်တော်မူ၏ )

      ဤသို့မိန့်တော်မူသော် တောဒေယျပုဏ္ဏား၏သား သုဘလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ ''အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာအားဖြင့် မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ လမ်းမှားသောသူ အား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း 'မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင် ဂေါတမ) ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသောအကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ (အသျှင်ဂေါတမ) ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော် ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ် သော ဥပါသကာဟု မှတ်တော်မူပါ''ဟု (လျှောက်၏)။

                            ငါးခုမြောက် စူဠကမ္မဝိဘင်္ဂသုတ် ပြီး၏။
                      by လင်္ကာ အရှင် on Tuesday, January 31, 2012 at 10:21am ·

ဆက်စပ်ကွန်းမန့်များ

လင်္ကာ အရှင်

ဥပမာဆိုကြပါစို့ အစားအစာအာဟာရပြည့်မှီတာစားရရင် ရုပ်အဆင်းလှတယ် အသက်ရှည်စေတယ် ကျန်းမာစေတယ် ဒါဟာမျက်မှောက်အာဟာရကဖြစ်စေတဲ့ရုပ်ပါပဲ သို့သော် ဒီအာဟာရသပ္ပါယဖြစ်အောင်ထောက်ပံ့ပေးနေတာ ကျန်းမာရေးနဲ့ညီညွှတ်စေတဲ့အာဟာရကိုသုံးဆောင်စားသောက်နေရတာကလည်း မိမိအတိတ...See More

လင်္ကာ အရှင်

ဘုရားရှင်အလိုကျ ကမ္မဿကတ သမ္မာဒိဋ္ဌိ မဟုတ်ပဲ အဘိဓမ္မာစာပေ က ဖန်ဆင်းထားတဲ့ ပုဗ္ဗေကတဟေတုကံဝါဒ ကြီးဖြစ်နေပါတယ် လို့တကာမောင်အောင်ကျော်မိုးကယူဆပြောဆိုသွားတာလည်းတွေ့ရပါတယ် ဒီတော့ကား- ဘုရားဟောတွေနဲ့ လွဲနေတဲ့ အဘိဓမ္မာဆိုတာရှိပါသလား ဘုရားဟောကတရား အဘိဓမ္မာပိဋကတ်ဆိုတဲ့ လက်ရှိအဘိဓမ္မာကတခြားလားဆိုတာလည်း ပြန်လည်မေးခွန်းထုတ်ချင်ပါတယ်။ မိမိရရှိခံစားနေရတဲ့ ကောင်းကျိုးဆိုးကျိုးအမျိုးမျိုးတွေဟာ ဘ၀ခြားပြီးဖြစ်သာ ဥပပဇ္ဇဝေဒနိယ/အပရာပရိယဝေဒနိယ ကံ သို့မဟုတ် မျက်မှောက်ဘ၀ပြုလုပ်အားထုတ်လိုက်တဲ့ ဒိဋ္ဌဓမ္မဝေဒနိယကံကြောင့်ဆိုတာလည်း သဘောပေါက်ဖို့လိုပါလိမ့်မယ် ။ သို့သော် ဖြစ်တဲ့အဟောင်းကောင်းကျိုးမကောင်းကျိုးအပေါ်မှာပဲ ခါးစည်းခံနေရမှာမဟုတ်ပါဘူး မကောင်းဘူးဆိုတာသိရင် ဒီမကောင်းကံကိုတွန်းလှန်နိုင်ဖို့ ကံညာဏ်နဲ့ဝီရိယအားစိုက်ထုတ်ဖြတ်သန်းရမှာ မိမိဘ၀အနာဂါတ်ကိုတည်ဆောက်ကြရမှာပါ အတိတ်ကံကိုရှောင်လွဲမရပေမယ့် အနာဂါတ်ကိုကော့ကောင်းအောင်ဖန်တီးလို့ရနိုင်ခွင့်ရှိနေလို့ပါပဲ ။ စူဠကမ္မ၀ိဘင်္ဂသုတ်ရဲ့အနှစ်ချုပ်ကလည်း ကံကိုလက်ညှိးထိုးစွပ်စွဲနေရုံမဟုတ်ပဲ မိမိအနာဂတ်မိမိဖန်တီးနိုင်ခွင့်ရှိတယ်လို့ပြဆိုနေတာဖြစ်ပါတယ် ။ လက်ရှိဖန်တီးလိုက်တဲ့ကံရဲ့ ပယမဇောတွေက မျက်မှောက်ဘ၀ကောင်းဖို့ မကောင်းကျိုးတွေကို အားနည်းစေဖို့ အပြီးပယ်သတ်ဖို့ အကျိုးပြုသွားမှာဖြစ်လို့ မျက်မှောက်ဘ၀မှာပဲ မိမိကံရဲ့အသီးအပွင့်ကို မိမီရရှိခံစားနိုင်တဲ့အခွင့်အရေးလည်းရှိပြီးဖြစ်ပါတယ် ။ဒါဟာ ဘုရားအလိုတော်ကျ ကမ္မ၀ါဒပဲဖြစ်ပါတယ်

လင်္ကာ အရှင်

ကံညာဏ်ဝီရိယဆိုလို့လည်း ကံချည်းပဲလည်းမဟုတ်ပါဘူးဘုရား ညာဏ်နဲ့ဝီရိယလည်းပါပါရဲ့လို့လည်း အရမ်းကားရောမတွေးလိုက်ပါနဲ့ဦး အဲဒီညာဏ်နဲ့ ၀ီရိယဆိုတာကလည်း ကုသိုလ်ကံနဲ့ယှဉ်တဲ့ ညာဏ်နဲ့ ၀ီရိယဆိုတဲ့ စေတသိက်တွေဖြစ်လို့ ကုသိုလ်ကံပဲဖြစ်နေပါတယ် ဒါ့ကြောင့် ကံပါပဲလို့ပြောပါရစေ (ရှေးကဆိုးလို့ အခုဆိုးပါသည် အခုဆိုး နောင်ဆိုးပါလိမ့်မည် ။ ရှေးကကောင်းလို့ အခုကောင်းပါသည် အခုကောင်း နောင်ကောင်းပါလိမ့်မည် )။ ဆိုးပင်ပျိုးက ဆိုးကျိုးရ လောကဓမ္မတာ (မစိုးရိမ်နာယကချုပ်ဆရာတော် ဦးရာဇာဘိဝံသ)

လင်္ကာ အရှင်

မိမိတ်ထဲမှာ ကံနှင့်ကံ၏အကျိုးတရားတွေကို စိတ်ထဲမရှင်းပါက ၀တ္ထုတွေဇာတ်တော်တွေအားလုံးကိုဖတ်ရှုလေ့လာပါ နားလည်လာပါလိမ့်မယ် ဥပမာ သာမာဝတီတို့ကို မာဂဏ္ဍီက မီးလောင်တိုက်သွင်းပစ်လိုက်တာ ။ ကာဠဥပါသကာကို ခိုးသားတွေဝိုင်းသတ်ပစ်လိုက်တာ အရှင်မောဂ္ဂလာန်မထေရ်ကြီ...See More

Aung Kyaw Moe

‎((ကျန်းမာရေးနဲ့ညီညွှတ်စေတဲ့အာဟာရကိုသုံးဆောင်စားသောက်နေရတာကလည်း မိမိအတိတ်ကကံတရားကနောက်ကွယ်ကနေ ကြိုးကိုင်စီမံပေးနေလို့ပါပဲ ။)) ဆိုတာ ကို ဘယ်လိုများ အခိုင်အမာ သက်သေထူနိုင်မှာလဲ။ ဘုရားသခင်တန်ခိုးတော် ကို ယုံကြည်သူတွေ က ဒီလို အာဟာရကိုသုံးဆောင်စားသောက်နေရတာ ထာ)ရ ဘုရား ရဲ့ ဂုဏ်ကျေးဇူး လို့ ပြောတဲ့ အချိန်မှာ အတိတ်ကံ ကို ယုံသူတွေ က ဒါတွေဟာ အတိတ်ကံ ကနေ နောက်ကွယ်ကနေ ကြိုးကိုင်စီမံပေးနေလို့ပါပဲ လို့ ဆို ပြန်တယ်။

ဒီ နှစ်ခုစလုံး က အရမ်းတော့ မထူးလှဘူး။ ကျမ်းဂန်စာပေလာ စကားကို မှန်းမျှော် ယုံကြည်ရတာမျိုး ပဲ ဖြစ်တယ်။ အတိအကျ ဘယ်သူမှမသိတဲ့ ကိစ္စမျိုး ကို ရမ်းတုတ် ရတဲ့ သဘောတွေ ပါပဲ။ အတိတ် ကံ ကို ယုံတဲ့ နိဂဏ္ဍ တွေ ကို ဘုရားရှင် က မေးခွန်းထုတ်ခဲ့ ဖူးတာ တွေ့ ရတယ်။ သင်တို့ အတိတ်ကံဟောင်းတွေ ဘယ်လောက် ကုန်ခဲ့ပြီလဲ ဘယ်လောက်ကျန်သေးသလဲ စတာတွေ မေးတော့ တို့ ဆရာ က ဒီလိုပဲ ပြောတယ် ဆိုတာ နဲ့ ပြီးရရှာတယ်။ ကိုယ်မသိတဲ့ အရပ် က မတွေ့ဘူးတဲ့ မိန်းမ တစ်ယောက် အကြောင်း ပြောနေ ရတာ နဲ့ တူပုံ ကို ဟောပြခဲ့ပါတယ်။

Aung Kyaw Moe

ဗုဒ္ဓ၀င်စာပေ အပါဒါန်စာပေ ဇာတကစာပေတွေ ခေတ်စားလာတဲ့ အခါ ဒီလို အရာရာအတိတ်ကံပုံဝါဒ က ဗုဒ္ဓဘာသာထဲ ကို တစ်စိမ့်စိမ့်ဝင်ရောက်လာ ပုံ ရပါတယ်။ ဒီလို ဇာတ်လမ်း အဖြစ်အပျက်တွေ ကို ကြည့် ရင် အဖြစ်အပျက်တွေ အားလုံး ကို အတိတ် အကြောင်းရှာ ပြန်တည်ဆောက်လို့ အဆက်အစပ် ရှိအောင် ရေးသားရတာတွေ တွေ့ ရပါတယ်။ ရှိစေတော့ ဒါတွေက အတိတ်ကံကြောင့်လို့ပဲ ဆို ကြစေတော့ အရာရာဟာ ကံကြောင့် ဆိုတဲ့ ၀ါဒ ကို ဘုရားရှင် အားမပေးပဲ လက်ရှိပစ္စုပ္ပန်ဘ၀ အခွင့်အရေး ကိုပဲ အကောင်းဆုံး အကျိုးရှိရှိ အသုံးချဖို့ ကို ပဲ ညွန်ပြတော်မူပါတယ်။

လင်္ကာ အရှင်

နောက်တစ်ခုဗဟုသုတပြောပြဦးမယ်နော် သစ်ကိုင်းချင်းပွတ်ပြီး မီးခိုးတွေအူနေတာမြင်တော့ ဘုရားလောင်းကျီးမင်းကပြောတယ် မီးလောင်နိုင်တယ်နေရာပြောင်းကြစို့ ဒေ၀ဒတ်အလောင်းကျီးမင်းကပြောတယ် ရေအိုးထဲမိချောင်းရှာတွေ့တဲ့သူပဲ ငါတို့တစ်သက်တစ်ခါမှမီးမလောင်ဖူးဘူး မလောင်နိုင်ဘူး အေးဆေးနေကြ ဘယ်မှအသိုက်မပြောင်းနဲ့ တဲ့ ညအိပ်မောကျနေတဲ့အချိန်ကျမှ သစ်ကိုင်းချင်းပွတ်လို့ဖြစ်တဲ့မီးကသစ်ရွက်ခြောက်တွေပေါ်ကျလို့ မီးထတောက်လာတယ် တောမီးအကျီးကျယ်လောင်တော့တာပဲ အသိုက်မပြောင်းတဲ့ငှက်တွေ အားလုံးသေကုန်ကြတယ် ။ ဒီနေရာမှပြောချင်တာက မီးမရှိပဲ ထွက်တဲ့အခိုးဆိုရင် မီးခိုးလို့ခေါ်ချင်မှခေါ်လို့ရမှာ ။ မီးဆိုတာက ဥဏှတေဇောလို့ခေါ်တယ် ။ အဲဒီတေဇောဓာတ်က ရေထဲမှာတောင်ရှိတယ် ဒါ့ကြောင့် ဗုဒ္ဓအဘိဓမ္မာမှာ စာမေးပွဲကျင်းပတဲ့အခါ "ရေထဲမှာ မီးရှိနိုင်မရှိနု ... message clipped... >.<

Credit: http://lankarashin-monywa.blogspot.com/2012/03/blog-post_6262.html

by Lu Zein on Wednesday, 1 February 2012 at 15:25 ·

in Lu Zein's Notes

နိဗ္ဗာန်ဟူသည် အဘယ်နည်း ?

'ထိုမေးခွန်းအတွက်
တစ်ခုတည်းသော
ကြောင်းကျိုးခိုင်လုံသည့် အဖြေမှာ
"ယင်းမေးခွန်းကို စကားလုံးများဖြင့်
အပြည့်အစုံ ကျေနပ်သွားလောက်အောင်
လုံးဝမဖြေနိုင်ပါ"ဟု ဖြစ်၏။

အကြောင်းမူ လူသားတို့
ဘာသာစကားသည် နိဗ္ဗာန်ဟူသော
အန္တိမသစ္စာ သို့မဟုတ် ပရမတ္ထသစ္စာတရား
သဘာဝအမှန်ကို မဖွင့်ဆိုနိုင်လောက်အောင်
(ဝေါဟာရ) နည်းပါးသောကြောင့်ဖြစ်သည်'

ref: Rahula, Walpola. What the Buddha Taught (1959; reprint, London: The Gordon Fraser Gallery Ltd., 1978)

နှုတ်ခမ်းမွေးဆရာတော်

by အောင်ချစ်စိုး(လသာ)

  • လုပ်ငန်းရယ်ပို
  • နှုတ်ခမ်းကို သူကြည်ညိုသတဲ့
  • သီဟိုဠ်ပြန်ဘုန်း၊
  • စဉ်ရှေးဟို
  • ...မွေးကို ဘယ်လိုဆိုပေါ့
  • သီဟိုဠ်ပြန်ဆရာဥာဏ်ရဲ့
  • အပါဒါန်ရွှေစာတမ်းလို့ရယ်
  • ကျမ်းပြုပါဦး။

 

ရန်ကုန်မြို့၊ စွယ်တော်ဘုရားဝင်းအတွင်းရှိ၊ လက္ခဏာဝေဒပညာရှင်''ရဲနေအောင်''၏အ

လုပ်ခန်းသို့ ရောက်နေကျအတိုင်း (၁၃-၈-၂၀၀၂)ညနေပိုင်း၊ ၀င်အသွားတွင် ဖေါ်ပြပါကဗျာ

လေးဖြင့် ခရီးရောက်မဆိုက် ကြိုဆိုနှုတ်ဆက်ခြင်း ခံရပါသည်။

 

''ဘယ့်နှယ် ကဗျာတွေ ဘာတွေရွတ်လို့၊ ဘာစိတ်ကူးပေါက်လို့လဲ ဆရာရဲ့''

''ဩော်...ဆရာ့မြင်တာနဲ့ ဒီကဗျာလေးအကြောင်း ဂဃနဏ သိချင်လို့''

 

''ခင်ဗျားလည်း လက္ခဏာဝေဒပညာရှင်ဆိုပေမယ့် စာပေလည်း ၀ါသနာပါသူပဲလေ၊ ဒါ

ကြောင့်လည်း ခုလို ရှာရှာဖွေဖွေရတာပေါ့၊ အဲဒါဘယ်သူ့ကဗျာလဲ သိသလား''

''လယ်တီလိုလို၊ မန်လည်လိုလိုပဲ၊ ကျကျနနတော့ မသိဘူးဆရာ၊ ဘုရားမှာ နှုတ်ခမ်းမွေး

ပါသင့်၊ မပါသင့် ပြဿနာပဲ ဆရာရဲ့၊ ဆရာလည်း ၂၀၀၁-ခုနှစ်က သီရိလင်္ကာပြန်ဆိုတော့ ဒီ

အကြောင်း သိမလားလို့ပါ''

''ဒါက သီရိလင်္ကာပြန်ခြင်း၊ မပြန်ခြင်းနဲ့မဆိုင်ပါဘူးဗျာ၊ သာသနာရေးစိတ်ဝင်စားသူတိုင်း

သိနိုင်တဲ့အထင်ကရ ပြဿနာတစ်ခုပါ''

''ကဲ...ဆရာသိသမျှ ရာဇ၀င် လှန်ပြပါဦးဆရာ''

''ကျွန်တော်တို့ သာသနာ့သမိုင်းမှာ ကျေးဇူးတော်ရှင်မန်လည်ဆရာတော်ြ

ကီးတို့၊ လယ်တီ

ဆရာတော်ကြီးတို့ ပညာဆီမီး၊ ထိန်ထိန်ညီးနေတဲ့ကာလကပေါ့ဗျာ...

။ သက္ကရာဇ် ၁၂၀၀-

ကျော်ခန့်ကပေါ့၊ ဟင်္သာတမြို့အပိုင်၊ ဓနုဖြူမြို့အနီး ညောင်ချောင်းကျေးရွာမှာ ဆရာတော်

ဦးဥာဏ၀ံသ ဆိုတာ သီတင်းသုံးနေတယ်''

 

''ဆရာတော်ဟာ သီရိလင်္ကာမှာသွားပြီး သက္ကတစာပေ၊ သီဟိုဠ်စာပေ၊ အင်္ဂလိပ်စာပေတွေ

သင်ကြားတတ်မြောက်ထားတော့ ပတ်ဝန်းကျင်မှာ ကြည်ညိုသူ ဒကာ ဒကာမတွေ ပေါတာပေါ့

ဗျာ၊ အဲဒီဆရာတော်ကြီးက သီရိလင်္ကာပြန်စာတတ်ပုဂ္ဂိုလ်တစ်ဦး

အနေနဲ့ အယူအဆသစ်တစ်ခု

ဖေါ်ထုတ်ခဲ့တယ်ဆရာရဲရေ...''

 

''ဘယ်လို အယူအဆသစ်လဲ ဆရာ...''

 

 

''ဗုဒ္ဓဟာ အနောက်မဇ္ဈိမဒေသ ခတ္တိယအနွယ်ဖွား၊ ဇာတ်မြင့်၊ အိန္ဒိယနိုင်ငံသားဖြစ်တယ်၊

သိဒ္ဓတ္ထမင်းသားဘ၀က အနောမာသောင်ခုံမှာ ဆံတော်ကို ကိုယ်တိုင်ဖြတ်လို့ လက်နှစ်သစ်ခန့်

ကြွင်းတယ်လို့ ဗုဒ္ဓ၀င်မှာ ဆိုတယ်၊ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးတွေကို ပယ်တယ်လို့ ဘယ်ကျမ်း

ဂန်မှာမှ ဖေါ်ပြမထားဘူး။ မဟာပုရိသယောကျာ်းကောင်း၊ ယောကျာ်းမြတ်တို့ရဲ့ရုပ်လက္ခဏာ

မှာ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးပါမှ ခန့်ညားမယ်၊ တင့်တယ် သပ္ပါယ်မယ်၊ ဒါကြောင့်

ဗုဒ္ဓရဲ့မျက်

နှာတော်မှာ နှုတ်ခမ်းမွေးနဲ့ပန်းချီပန်းပုထုလုပ် ကိုးကွယ်သင့်တယ်တဲ့''

 

''စာတတ်လာတဲ့ မာန်နဲ့အတွေးးသစ်ကို တွေးမိလာတာနဲ့တူပါတယ် ဆရာ''

 

 

''အဲဒီ ညောင်ချောင်းဆရာတော်ဟာ သူ့အယူအဆကို ကိုင်စွဲပြီး မဟာပုရိသလက္ခဏာ

တော်ဘုရားရှိခိုးနဲ့ နှုတ်ခမ်းမွေးတပ်ထားတဲ့ဘုရားပုံတော်ပါစာအုပ်ကိုပါ ရေးသားဖြန့်ဝေခဲ့သတဲ့''

 

''ဟာ...အတော် အူကြောင်ကြောင်နိုင်တဲ့ အယူအဆပါလားနော်''

 

 

''အင်း...ခင်ဗျားလိုပဲ၊ မဟုတ်တာဆို နည်းနည်းမျှ လက်မခံတဲ့ မန်လည်ဆရာတော်

ဘုရားကြီးကလည်း အဲဒီဆရာတော်ရဲ့ မဟုတ်မဟတ်အယူအဆကို ဘ၀င်မတွေ့လို့ အစောက

ခင်ဗျားရွတ်လိုက်တဲ့ဒွေးချိုးေ

လး ရေးလိုက်တာတဲ့''

''သာဓုခေါ်စရာပါပဲ ဆရာ၊ သာသနာမှာ အဲဒီလို မတူမူမူမတဲ့တွေကို မတစ်လုံးကျေမန်

လည်ဆရာတော်ကြီးတို့လို ဆရာတော်ဘုရားများက ရဲရဲဝံ့ဝံ့ မဟုတ်ရင် မဟုတ်ကြောင်း၊ မမှန်

ရင်မမှန်ကြောင်း ထောက်ပြတာ ကြည်ညိုစရာကောင်းတဲ့ လုပ်ရပ်ပါပဲဆရာ၊ တိုင်းကျော်ပြည်

ကျော်ဖြစ်ရော့ပေါ့''

''ဖြစ်ပြီလား ဆရာရဲရေ၊ ဒီဇာတ်လမ်း သိကြတဲ့သူတိုင်းဟာ ကဗျာလေးကို ဖတ်မိတိုင်း

တ၀ါးဝါးပွဲကျသွားသတဲ့၊ အဲဒီကဗျာဟာလည်း ခုတိုင် အမှတ်တရ သမိုင်းဝင်ကဗျာလေး ဖြစ်နေ

တာပေါ့''

''ညောင်ချောင်းဆရာတော် ဆရာတော်ဦးÓဏ၀ံသက ငြိမ်ခံနေသလားဆရာ''

''ဘယ်ငြိမ်ခံမလဲဗျာ၊ ငါလည်း စာတတ်ပဲဆိုပြီး မန်လည်ဆရာတော်ကြီးအပေါ် မှိုချိုးမျှစ်

ချိုး ချေပရေးသားခဲ့သတဲ့''

''ဟာ...ပွဲကြီးပွဲကောင်းဖြစ်မှာ

ပဲ ဆရာ''

''နှုတ်ခမ်းမွေးအရေးတော်ပုံကြီး

အဖြစ် ကြီးထွားလာလိုက်တာ၊ ကာယကံရှင်တွေသာမက

ဘေးကဆရာတော်ကြီးတွေအထိ ကူးစက်ကုန်တာပေါ့''

''ဘယ်လိုကူးစက်လဲ ဆရာ၊ စိတ်ဝင်စားဖို့ ကောင်းသထက်ကောင်းလာပါလား၊ အဲဒီအ

ချိန်က မန်လည်ဆရာတော်ဘုရားကြီးနဲ့လယ်တီ

ဆရာတော်ဘုရားကြီးတို့ဟာ ရင်းရင်းနှီးနှီးကျွမ်း

ဝင်ချစ်ခင်ကြတာကိုး၊ အဲဒီအချိန်မှာ ဟင်္သာတြိမို့က ဒကာ ဒကာမတွေက လယ်တီဆရာတော်

ဘုရားကြီးကို တရားဟောဖို့ ပင့်လျှောက်လာသတဲ့၊ မန်လည်ဆရာတော်ပေါ်ထားတဲ့ အငြိုးနဲ့

လယ်တီဆရာတော်ကြီးကို ညောင်ချောင်းဆရာတော်နဲ့တပည့်

တပန်းတွေက ပဋိပက္ခရန်ရှာမှာ

စိုးတဲ့ဓနုဖြူမြို့က ဒကာ ဒကာမတွေက ဟင်္သာတမြို့ကို မကြွရောက်သင့်ကြောင်း

လယ်တီဆရာ

တော်ကြီးကို ၀ိုင်းလျှောက်ကြသတဲ့''

 

''လယ်တီဆရာတော်ကြီးက ဘာပြန်ပြောသလဲဆရာ''

 

 

''မစိုးရိမ်ကြနဲ့ကွာ၊ ဟင်္သာတပွဲကို လက်ခံလိုက်တာဟာ ညောင်ချောင်းဘုန်းကြီးကိုပါ

တရားဟောချင်လို့ပါ၊ ငါတို့မေတ္တာကို ငါတို့ယုံကြည်ပါတယ်၊ စိတ်အေးအေးထားပြန်ကြ''လို့မိန့်

တော်မူခဲ့တယ်။

''လယ်တီဆရာတော်ဘုရားကြီးရဲ့ ဟင်္သာတတရားပွဲမှာ ဘာတွေဖြစ်သေးလဲဆရာ''

''အင်း...ဓနုဖြူဒကာ ဒကာမတွေ စိုးရိမ်နေတဲ့အတိုင်းပဲ၊ လယ်တီဆရာတော်ဘုရား

ကြီးဟင်္သာတအရောက်မှာ ညောင်ချောင်းဆရာတော်နဲ့သူ့ဒကာေ

တွ ရောက်လာကြတယ်။ အဲ

ဒီဆရာတော်ကြီးနဲ့သူ့လူတွေရဲ့အမူ

အရာကလည်း ခပ်တင်းတင်းပဲတဲ့''

''ပွဲကြမ်းပြီနဲ့တူတယ် ဆရာရေ''

''ဆန္ဒမစောပါနဲ့ဦး၊ လူရိပ်လူခြေကြည့်ပြီး ညောင်ချောင်းဆရာတော်ဦးÓဏ၀ံသ ဖြစ်မှာ

ပဲလို့ ဆရာတော်ကြီးက ရိပ်မိလိုက်သတဲ့''

''တပည့်တော် ညောင်ချောင်းဘုန်းကြီး ဦးÓဏ၀ံသပါဘုရားလို့ လျှောက်လိုက်တာနဲ့

လယ်တီဆရာတော်ဘုရားကြီးက ခုလို ပြောလိုက်သတဲ့''

''ခုလို တွေ့ရတာ ၀မ်းသာလိုက်တာ ဆရာတော်ရယ်၊ ဆရာတော်ရဲ့ကျေးဇူး တပည့်တော်

ပေါ်တင်ရှိနေပါတယ်လို့ ပြောရင်းက သူ့ရဲ့ခရီးဆောင်သေတ္တာထဲက စာအုပ်တစ်အုပ်ကို ထုတ်

ယူပြလိုက်တယ်''

''ဘာစာအုပ်ပါလိမ့်ဆရာ''

''ဆရာတော်ဦးဥာဏ၀ံသရေးတဲ့ မဟာပုရိသလက္ခဏာတော်ဘုရားရှိခိုး

နဲ့နှုတ်ခမ်းမွေးတပ်

ဘုရားပုံတော်စာအုပ်ပေါ့''

''ညောင်ချောင်းဆရာတော်အဖို့ ဘာဖြစ်သွားသလဲဆရာ''

''လယ်တီဆရာတော်ဘုရားကြီးရဲ့နှုတ်

တော်က ဆရာတော်ရဲ့ကျေးဇူး တပည့်တော်အပေါ်

တင်ရှိနေပါတယ်လို့ နားနဲ့ဆတ်ဆတ်ကြားရလို့ အံ့အားသင့်နေတုန်း သူရေးတဲ့စာအုပ်ကိုပါ

ကိုယ်နဲ့မကွာ ယူလာတာလည်း မြင်ရတော့ ထပ်ဆင့်အံ့ဩပြန်ရော၊ တစ်ခါ လယ်တီဆရာတော်

ကြီးက သူရေးတဲ့ မဟာပုရိသလက္ခဏာတော်ဘုရားရှိခိုး

ကိုရွတ်ဆိုပြပြန်တော့ ညောင်ချောင်း

ဆရာတော်ခမျာ အံ့ဩကုန်နိုင်ဖွယ် ဖြစ်ရတာပေါ့၊ ညောင်ချောင်းဆရာတော်ဦးÓဏ၀ံသဟာ

သူမထင်ထားတဲ့လယ်တီဆရာတော်ဘုရာြး

ကီးရဲ့အပြုအမူတွေကို ဆက်တိုက်တွေ့ရလို့ ဘာပြော

လို့ပြောရမှန်း မသိဖြစ်သွားသတဲ့''

''အင်း...လယ်တီဆရာတော်ရဲ့ပဋိပက္ခ

ဖြေရှင်းနည်းလေးက အတော်ပိုင်ပါလားဆရာ''

''နားထောင်ဦးကိုယ့်လူရဲ့၊ ခုမှ ပညာခန်းတွေ့ရမှာ၊ လယ်တီဆရာတော်ဘုရားက လေ

အေးအေးနဲ့ခုလို ဆက်မိန့်တော်မူခဲ့တယ်ဗျ''

''ဗုဒ္ဓဟာ အိန္ဒိယလူမျိုးဆိုတာ ငြင်းစရာမလိုကြောင်း၊ အိန္ဒိယနိုင်ငံရဲ့ဘုရင်တွေ၊ မဟာ

ရာဇာတွေမှာ နှုတ်ခမ်းမွေးကျင်စွယ်တွေ သူတို့လူမျိုးအလိုက် ထားမှာသေချာကြောင်း၊ ဘုရား

လောင်းဟာ သက်တော်(၂၉)မှာ တောထွက်ခဲ့လို့ အဲဒီအချိန်မှာ မုတ်ဆိတ်တွေ ကျင်စွယ်တွေ

ရှိနိုင်ကြောင်း၊ ရှိခဲ့လျှင်လည်း ကြည်ညိုစရာဖြစ်နိုင်ကြောင်း၊ ဆံတော်သာပယ်ပြီး မုတ်ဆိတ်ကျင်

စွယ်မရိတ်မပယ်ထားခဲ့ရင် အဲဒီခေတ်ရဟန္တာအသီးသီးတွေမှာ အိန္ဒိယသားအများအပြားပါလို့

နှုတ်ခမ်းမွေးနဲ့ရဟန္တာတွေပါရှိသင့်ကြောင်း၊ ဒီလိုနှုတ်ခမ်းမွေးနဲ့ပုံတော်တွေ

ကို အရှင်ဘုရားနဲ့

တပည့်တော်တို့က ဥာဏသမ္ပယုတ်နဲ့ယှဉ်ကြည်ညိုပေမယ့် မိရိုးဖလာကြည်ညိုကိုးကွယ်လာကြ

တဲ့ဒကာ ဒကာမတွေ အများစုအတွက် အမြင်ဆန်းလွန်းနေမှာဖြစ်ကြောင်း

၊ ဘုရားကို ကြည်ညို

ကြတဲ့ မြန်မာတွေအနေနဲ့မြန်မာမင်းသားေ

လးလိုသာ မြင်ချင်တွေ့ချင် ကြည်ညိုချင်ကြကြောင်း

ဇာတ်ကြီး(၁၀)ဘွဲ့၊ (၅၅၀)ဇာတ်နိပါတ်တော်ပန်းချီကား

များ ရေးရာမှာ မြန်မာဘုရင်ကုန်းဘောင်

ခေတ်ဆင်ယင်ပုံမျိုးနဲ့သာ မြင်လိုကြောင်း၊ ဒါကြောင့် အရှင်ဘုရားရဲ့မဟာပုရိသလက္ခဏာတော်

ကြီးနဲ့ဘုရားပုံတော်ကိုပင် တစ်တိုင်းပြည်လုံးနဲ့မဆန့်ကျင်

ဝံ့လို့ တပည့်တော်မှာ ပုန်းလျှိုးကွယ်လျှိုး

အခုလိုသေတ္တာထဲထည့် ကိုးကွယ်နေရပါကြောင်း''

 

 

''ကြောင်းကျိုးယုတ္တိကျကျ သာယာညှင်းပျောင်းစွာ ပြောတဲ့လယ်တီဆရာတော်ရဲ့အဆုံး

အမစကားလည်းကြားရော၊ ညောင်ချောင်းဆရာတော်ဦးဥာဏ၀ံသဟာ စိတ်ထဲ ထိထိခိုက်ခိုက်

ခံစားလိုက်ရတယ်တဲ့''

 

 

''သီလ၊ သမာဓိ၊ ပညာကြီးသူရဲ့ဆုံးမစကားဆိုတော့ ဘ၀င်ကျသွားမှာပေါ့နော်''

''ကျပြီလား ဆရာရဲနေအောင်ရယ်၊ လယ်တီဆရာတော်ဘုရားရဲ့စကားတွေမှာ မေတ္တာ

ပါတယ်၊ စေတနာပါတယ်၊ အသာစီးနဲ့အနိုင်ယူမှုမရှိ၊ တစ်ဖက်သူကို နိမ့်ကျသိမ်ငယ်လိုစိတ် လုံး

ဝမထားမှန်း ဆရာတော်ဦးဥာဏ၀ံသ ခံစားသိရှိလိုက်တယ်လေ''

 

 

''အင်း...ကျွန်တော်တို့အဖို့ အတုယူစရာကြီးပါလားဆရာ၊ တစ်ယောက်နဲ့တစ်ယောက်

မသင့်ရင်၊ အယူအဆကွဲပြားရင်၊ နင်ပဲ ငဆနဲ့ကာယကံကြမ်းကြမ်း၊ မနောကံကြမ်းကြမ်းနဲ့အနိုင်

ရပြီးစတမ်းဆိုတဲ့ ကျွန်တော်တို့ လူသာမန်ပုထုဇဉ်တွေနဲ့ ကွာလိုက်တာ ဆရာ''

 

 

''စိတ်ကြမ်း မာန်လျော့၊ ကျွန်ကန်တော့၏ဆိုသလို ပြောမဟဲ့၊ ဆိုမဟဲ့၊ မာန်တင်းလာခဲ့တဲ့

ဆရာတော်ဦးဥာဏ၀ံသဟာ ခြေသုတ်ပုဆိုးြွေမစွယ်ကျိုးဆိုတဲ့အတိုင်း သူတော်ကောင်းပီသစွာ

ရဲရဲဝံ့ဝံ့နဲ့လက်ခံလို့ တပည့်တော်ရေးသားပြောဆိုမှားခဲ့

သမျှ ၀န်ချတောင်းပန်ပါတယ်ဘုရား''ဆို

ပြီး ပြန်လည်လျှောက်ထားလိုက်သတဲ့။

''အောင်ခြင်း(၈)ပါးလိုပဲ၊ လယ်တီဆရာတော်ဘုရားရဲ့ခန္တီပါရမီ

နဲ့အမှန်တရားကို အောင်

နိုင်ခဲ့တာပေါ့နော်''

 

 

''ရိုးရိုးအောင်နိုင်ရုံ သက်သက် မဟုတ်ဘူးဗျ၊ လယ်တီဆရာတော်ဘုရားကြီးကို သူနေ

ထိုင်ရာ ဓနုဖြူကိုပင့်၊ သူကိုယ်တိုင်က ကမကထလုပ်ပြီး တရားပွဲတောင်ကျင်းပလိုက်သေးသဗျ''

 

 

''နှုတ်ခမ်းမွေးအရေးတော်ပုံ နိဂုံးသတ်လေးက ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ ကြည်ညို

စရာ၊ သာဓုခေါ်စရာကြီးပါလားဆရာ''

 

 

''သာဓုခေါ်မယ်ဆိုရင် မင်းနန်(မော်ကျွန်း)ပါ၊ ပါသင့်တယ်ဗျ၊ သူရေးတဲ့ နတ်၌ဖြစ်သော

ရနံ့သင်းပျံ့သောဆရာတော်ကြီးများစာအုပ်က တစ်ဆင့်ဖောက်သည်ချပေးရတာဗျို့''

 

 

''ဟုတ်ကဲ့ဆရာ၊ ဆရာတော်ကြီးများရော၊ လူပုဂ္ဂိုလ်တွေရော၊ အားလုံးရဲ့ ဂုဏ်ကျေးဇူးကို

ရည်စူးပြီး ခေါ်ပါ့မယ်ဆရာ''

 

''သာဓု သာဓု သာဓု''

 

 

အောင်ချစ်စိုး(လသာ)

၁၃-၈-၂၀၀၂

 

 

မှတ်ချက်။၂၀၀၃-ဧပြီလထုတ် အပ္ပမာဒမဂ္ဂဇင်း၊ နှာ(၇၉-၈၁)၌လာရှိသော ဆောင်းပါးကို

ပြန်လည်၍ရိုက်နှိပ်သည်။

 

××××××××× ပြီးပါပြီ ×××××××××××××××××

www.shanyoma.org မှ ရယူ မျှဝေပါသည်။ 17 Feb 2012

by Lu Zein on Friday, 17 February 2012 at 07:02 ·

Source: Lu Zein's Notes

သဒ္ဓါ ဟူသည်

သဒ္ဓါ ဟူသည်

ကောင်းသောအလုပ်၊ ကောင်းသော စေတနာ၊ ကောင်းသော ကံ သည် ကုသိုလ် ဖြစ်၍ မကောင်းသောအလုပ်၊ မကောင်းသော စေတနာ၊ မကောင်းသော ကံ သည် အကုသိုလ် ဖြစ် ပါသည်။


သို့ရာတွင် မိမိတို့သည် ငယ်စဉ်မှပင် ထို အသုံး၊အနှုန်း စကားလုံး များကို ကြားဖူးနေကြဖြစ်သော်လည်း ကုသိုလ်၊ အကုသိုလ် ဓါတ်သဘောတွေ ကို တကယ်ပင် သိပါသလားဟု မိမိ ကိုယ် မိမိ ဆန်းစစ်ဖို့လိုပါသည်။ မိမိ တို့အားလုံးသည် ကုသိုလ်၊ အကုသိုလ် ဓါတ်သဘောတွေ ကို တကယ်သိ သည့်အထဲတွင် မပါပါ။

 

ယော ဆရာတော်ဘုရားကြီး၏ ရှင်းပြချက်အရ သဒ္ဓါအဆင့်၊ ယုံကြည်မှု အဆင့်ဖြင့်သာ သိကြပါသည်။ ဆရာတော်ဘုရားကြီးက အားလုံးကို မေးပါသည်၊ မင်းတို့ ကမ္ဘာ့ မြေပုံကြီး ကိုယုံကြသလား? အားလုံးက ယုံပါတယ်ဘုရားဟု ဖြေကြပါသည်။ ဆရာတော်ဘုရားကြီးက ဆက်မေးပါသည်၊ ယုံရအောင် ကမ္ဘာအနှံ့ ကို ကိုယ် တိုင် ရောက်ဖူးသလား? အားလုံးက မရောက်ဖူးပါဘုရား ဟု ဖြေကြပါသည်၊ ရောက်ဖူးတာဝေး လို့ ကောင်းကင်ကြီးကနေ ကမ္ဘာအနှံ့ ကို ကိုယ်တိုင်မြင်ဖူးသလား ဟု ဆက်မေးပါသည်။ မမြင်ဖူးပါဘုရား ဟုအားလုံးကဖြေကြပါသည်၊ မမြင်ပဲနဲ့ ယုံကြည်နေတာ၊ သို့သော် အစိတ်အပိုင်း တစ်ခုတော့ ရောက်ဖူးကြတယ်၊ အဲဒီ အစိတ်အပိုင်း သည်မြေပုံထဲကအတိုင်း မှန်နေသောကြောင့် ကျန်သော အစိတ်အပိုင်းတွေသည်လည်း မှန်လိမ့်မည်ဟု မမြင်သော်

လည်း လက်ခံ ယုံကြည်ထားတာ ကို သဒ္ဓါ လို့ခေါ်တယ် လို့ရှင်းပြတော်မူခဲ့ပါသည်။

 

သဒ္ဓါ ဆိုသည်မှာ အကုန်လုံးကို ကိုယ်တိုင်သိခြင်းမဟုတ်၊ အစိတ်အပိုင်းတစ်ခု ကိုသိသောကြောင့် ယုံကြည်လောက်တဲ့ အခိုင်အမာ သက်သေဖြစ်သောကြောင့် ကိုယ်တိုင် မသိသော်လည်း ယုံကြည်တာကိုခေါ်ပါသည်။

ပြုစုသူ ဒေါ်စီစီချိုသန်း

by Lu Zein on Friday, 17 February 2012 at 16:29 ·

Lu Zein's Note

သီလယူခြင်းနဲ့ပတ်သတ်ပြီး

by ဆရာတော်အရှင်ကောမလ(ခ)ဆန်နီနေမင်း

  သီလရှင်ဆရာလေးများဟာ ကိုးပါးသီလဆောက်တည်သူများ ဖြစ်ကြတဲ့အတွက် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ ယူချင်တဲ့လူများကို သီလပေးနိုင်ပါတယ်။ မြတ်ဗုဒ္ဓကလည်း အင်္ဂုတ္တရ တိကအဋ္ဌကထာမှာ "ဥပေါသထဒိဝသေ ပန ပါတောဝ ဘိက္ခုဿဝါ ဘိက္ခုနိယာဝါ ဒသသီလ လက္ခဏာညုနော ဥပါသကဿဝါ ဥပါသိကာယ၀ါ-ဥပုသ်သီလခံယူရာမှာ ရဟန်းထံဖြစ်စေ၊ ဘိက္ခုနီမထံဖြစ်စေ၊ သီလလက္ခဏာကိုသိတဲ့ ဥပါသကာ၊ ဥပါသိကာမထံဖြစ်စေ သီလဆောက်တည်နိုင်ကြောင်း မိန့်ဆိုခဲ့ပါတယ်။ 

ဒါကြောင့် သီလရှိသူထံမှသာ သီလယူနိုင်တာမဟုတ်ဘဲ သီလလက္ခဏာကိုသိသူ၊ သီလကိုအစဉ်မှန်မှန် အရှေ့ကတိုင်ပေးနိုင်သူ မည်သူ့ထံမှမဆို ဆောက်တည်လို့ရပါတယ်။ မိမိကိုယ်တိုင်လည်း သီလကိုအစဉ်အတိုင်း မှန်မှန်ဆိုနိုင်ရင် အိမ်ရှေ့ဘုရားစင်မှာဖြစ်စေ၊ သွားရင်းလာရင်းလမ်းကြုံလို့ စေတီပုထိုးများရှေ့မှာဖြစ်စေ သီလဆောက်တည်လို့ ရပါတယ်။ သီလယူတဲ့အခါ မိမိဆောက်တည်ထားတဲ့သီလကို မကျိုးမပေါက်အောင် စောင့်ထိန်းမယ်ဆိုတဲ့ သန္ဒိဋ္ဌာန်ပြတ်သားဖို့သာ အဓိကကျပါတယ်။

များသောအားဖြင့် သီလယူတဲ့အခါမှာ ဘာ့ကြောင့်ရဟန်းသံဃာများထံ သီလယူရသလဲဆိုရင် မိမိသီလဆောက်တည်ထားတာကို ဆရာတော်များ၊ နဘေးလာရောက် သီလယူသူများ သိရှိကြတဲ့အတွက် မိမိသီလကျိုးပေါက်မဲ့ဟာကို မလုပ်ဖြစ်အောင်လို့ပါ။ တကယ်လို့များ မိမိက သီလတစ်ပါးပါးကို ကျုးလွန်ချင်စိတ်ဖြစ်လာရင် "အော်-ငါသီလကျိုးရင် ငါ့ကိုအပြစ်ပြောမဲ့လူတွေ၊ ငါသီလကျိုးရင် ငါ့ကိုလူမိုက်လို့ ထင်မြင်မဲ့လူတွေ အများကြီးရှိပါလား"လို့တွေးမိပြီး မိမိသိက္ခာမကျအောင်၊ မိမိအရှက်မရအောင်ထိန်းတဲ့အနေနဲ့ သီလမကျိုးအောင် ထိန်းနိုင်ဖို့ရန် ဖြစ်ပါတယ်။ အဲဒီလိုတွေးမိပြီး သီလမကျိုးအောင် စောင့်ထိန်းနိုင်တာဟာ လူသူပရိသတ်များတဲ့ နေရာမှာဝိုင်းစုပြီး ဆရာတော်များထံ သီလယူခြင်းရဲ့ အကျိုးကျေးဇူးပါ။ ဒါပြင် မိမိသီလယူတဲ့အခါ ကျောင်းကန်ဘုရားတို့မှာနေခြင်းကြောင့် အကုသိုလ်အမှုများကို တွေးတောကြံစည်ခြင်းနဲ့ အချိန်ကုန်မဲ့အစား တရားဘာဝနာပွားလို့ဖြစ်စေ၊ တရားနာလို့ဖြစ်စေ၊ တရားစာအုပ်ဖတ်လို့ဖြစ်စေ၊ အချင်းချင်း တရားစကားဆွေးနွေးလို့ဖြစ်စေ အချိန်ကုန်လွန်စေအောင်လို့ ဘုန်းတော်ကြီး ကျောင်းများမှာသွားပြီး သီလဆောက်တည်ခိုင်းခြင်း ဖြစ်ပါတယ်။

 

Excerpt from  http://zmo999.blogspot.com/2011/10/blog-post_28.html   

 

ဆရာတော်အရှင်ကောမလ(ခ)ဆန်နီနေမင်း

.......................................

 http://zmo999.blogspot.com/2011/10/blog-post_28.html  

မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

 

Credit: http://www.worldofwisdom.asia/2012/01/blog-post_27.html

Credit: http://zmo999.blogspot.com/2011/10/blog-post_28.html 

by Lu Zein on Monday, 20 February 2012 at 12:29 ·

Source: Lu Zein's Notes

အလှူ (နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ အယူအဆများ)


လှူရြုခင်းအကြောင်း(၈)ပါး ဘယ်အကြောင်းက အမြတ်ဆုံးလဲ ?

×××××

(၁) ရောက်လာ၍လှူ- မမိ တို့ဌာနသို့ ရောက်လာ၍လြှူခင်း၊

(၂) ကြောက်၍လှူနှင့်- ကြောက်သောကြောင့် လှူခြင်း၊

(၃) ပေးလှူ၍ လှူ- သူကပေးလှူ၍ တစ်ဖန်ပြန်လှူခြင်း၊

(၄) ပေးလိမ့်လှူတည့်- လာဘ်ကို မျှော်ကိုး၍ လှူခြင်း၊

(၅) ရှေးသူတို့ငြမ်း- မိရိုးဖလာလှူခြင်းမျိုး၊

(၆) မချက်စွမ်းနှင့်- ရဟန်းတော်များ ချက်မစားကောင်း၍ လှူခြင်း၊

(၇) ချီးမွမ်းရလို- ချီးမွမ်းခံယူလို၍ လှူခြင်း၊

(၈) မဂ်ဖိုလ်လိုသည်- မဂ် ဖိုလ်ကို ရလို၍လှူခြင်း၊

မိန့်ဆိုဒါန ရှစ်မျိုးတည်း။

 

ဒါနပြုရှာ၊ ကြောင်း ၈-ဖြာ၊ ကျမ်းလာအဘယ်နည်း။ အဋ္ဌင်္ဂုတ္တရ။ ပါဠိတော်နှင့် သံဂီတိသုတ် ပါဠိတော်တို့၌ လာသည်၊ အဖြေကို ၎င်းလင်္ကာဖြင့်သိပါ။

 

 

အသက်ရှည်ရှည်နေချင်သူ လုပ်ရမည့် ကုသိုလ် (၆)မျိုး

×××××

(၁) ပရိသ၀န ဒါန- ရေစစ်အလှူ။

(၂) ဂိလာန ၀တ္ထု ဒါန- သူနာတို့ အဖို့ ဆေးစသော အာဟာရအလှူ။

(၃) အာဝါသ ဒါန- ကျောင်း၊ ဇရပ် အလှူ။

(၄) ဇ္စိဏ္ဍက ပဋ္ဋိသင်္ခါရဏ - ဟောင်းနွမ်း ပျက်စီးသော ကျောင်း၊ ဇရပ်၊ စေတီ စသည်ကို

ပြင်ဆင်သော ကောင်းမှူ။

(၅) နိစ္စ ဂရုဓမ္မ သီလ- ငါးပါးသီလ အမြဲဆောက်တည်သော ကောင်းမှူ။

(၆) ဉပေါသထ သီလ- ရံခါ ဉပုသ်စောင့်သုံးသောကောင်းမှူ။

 

သက်တော်ရှည်ရာသော ကုသိုလ်မျိုး ၆-ပါး၊ အသက်ရှည်လိုသူတို့ လိုက်နာပြုကျင့်ရန် ခြောက်ပါးသော ကုသိုလ်အထူးကို အားထုတ်၍ သီဟိုဠ်က္မန်း၌ ၀သဘမင်းကို ၁၂-နှစ် အသက်နေစစ်ရှိသည်ဟု ဗေဒင်ပညာရှိနိမိတ်ဖတ်သူတို၌ ဟောလျက် ၄၂-နှစ် တိုင်အောင်နေရဘူးကြောင်း မဟာဝင်ကျမ်းမှာ လာသည်။

 

အပါယ်လားကြောင်းအလှူမျိုး ၁၀-ပါး။

××××××××××××××××××××

(၁) သမဇ္ဇဒါနကချေအလှူ၊ အငြိမ့်ဇာတ်ပွဲ၊

(၂) မဇ္ဇဒါန- သေရည်အရက်အလှူ၊

(၃) ဣတ္ထိဒါန- မိန်းမအလှူ၊

(၄) ဥသဘ ဒါန- နွားလား မြင်းလားအလှူ၊

(၅) စိတ္တကမ္မ ဒါန- ကာမဂုဏ်ကိုဆွပေးသော ပန်းချီဆေးရေးအလှူ၊

(၆) သတ္ထ ဒါန- လက်နက်ခဲယမ်းမီးကျောက်အလှူ၊

(၇) ၀ိသ ဒါနအဆိပ်အလှူ (သတ္တ၀ါတို့ပျက်စီးစေရန်၊)

(၈) သင်္ခလိက ဒါန-လက်ထိပ် သံခြေချင်း နှောင်ကြိုးအလှူ၊

(၉) ကုက္ကင်္ံ သူကရ ဒါန- ကြက် ၀က် သားကောင်အလှူ၊

(၁၀) တုလာကူဋ မာနကူဋ ဒါန - ချိန်စဉ်းလဲ တင်းစဉ်းလဲ အလှူ။

 

 

မိလိန္ဒပဥှာ။ ပါ။ ၂၂၇။ အဒါန၀တ္ထုခေါ်

မပေးလှူကောင်းသော အလှူဆယ်ပါး၊ ပေးလှူသော်အပါယ်ကျတတ်၏၊ (မိလိန္ဒ)

 

 

ကြီးကျယ်မွန်မြတ်သော အကျိုးမျိုးရနိုင်ရန် လှူဒါန်းနည်း

××××××

ဒါနပြုကြ၊ ကျိုးမဟ၊ သုံးဝအင်္ဂါလာ။ ဒါနပြု အလှူပေးရာ၌ အောက်ပါအင်္ဂါ ၃-ပါး

နှင့်ပြည့်စုံမှ မဟမ္ဖလခေါ် ကြီးကျယ်မွန်မြတ်သော အကျိုးမျိုးရနိုင်သည်။

(၁) အလှူပေးသူသည် စင်ဖြူသောသီလဖြင့် လွတ်ကျွတ်စွာ စွန့်ကြဲ လှူဒါန်းနိုင်ခြင်း၊

(၂) အလှူခံပုဂ္ဂိုလ်၏ ကိုယ်ကျင့်သီလ ဖြူစင်ခြင်း၊

(၃) လှူဖွယ်ဝတ္ထု၏ ဓမ္မိယလဒ္ဓခေါ် တရားသဖြင့်ရရှိထားသော ပစ္စည်းများဖြစ်ရခြင်း။

 

ကိုးကား - ဖျာပုံတိုက်သစ်ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ မထေရ်မြတ်၏ သုတေသနသရုပ်ပြအဘိဓာန်မှ။

အလှူ ဒါန နှင့် ပတ်သက်၍ တွေ့လျှင် ဆက်ဖြည့်ပါဦးမည်။ ....

by Lu Zein on Friday, 30 March 2012 at 10:33 ·

Source Lu Zein's Notes

ဗုဒ္ဓသာသနာပြုခရစ်ယာန်အရင့်အမာကြီး by ဓမ္မဂင်္ဂါ

(၁)

 

ရွှေပြည်ကြီးကို ရွက်လွှင့်သွားတဲ့ မိတ်ဆွေအချို့ဒီဇင်ဘာလ(၁၉) ရက်နေ့မှာ ဗာရာဏသီကိုပြန်လည် ဆိုက်ကပ် လာခဲ့ကြပြန်ပါတယ်။ပါရဂူကျမ်းပြုများဖြစ်တဲ့ အရှင်ဣန္ဒ၀ံသ(ခရမ်း) အရှင်သုစိတ္တ(တပ်ကုန်း)နဲ့ အရှင်ဧသိက ဇောတိ(ရေစကြို)တို့ပါ။ သူတို့နဲ့အတူ ရွှေပြည်ကြီးရဲ့သဒ္ဓါတရားအထုပ်အပိုးတွေလည်းပါလာကြလေသပေါ့။ ငါးခြောက်ငါးခြမ်းလေးတွေ လက်ဘက်ထုပ်တွေ မုန့်ဟင်းခါးခြောက်ဆိုသဟာ မျိုးလေးတွေ ပါပဲ။

 

သူက ပါလာတဲ့စားစရာအထုပ်တွေအဖွင့်ကို စောင့်နေချိန်မှာ အရှင်သုစိတ္တ(တပ်ကုန်း)က ရှားပါးအာဟာ ရတစ်ခုကို ဆွဲထုတ်လိုက်ပါတယ်။ စာအုပ်တွေထွက်ကျလာတာပါ ။စာရေးဆရာအစုံ စာအုပ်အစုံပါပဲ။ အဲဒီတော့ သူကလည်း ရေသည်ပြဇာတ်ထဲကလို စာအုပ်တွေလည်း ယူမယ်၊ ငါးခြောက်ငါးခြမ်းထုပ်တွေလည်း ဆွဲမယ်လုပ် တော့တာပါ။ဗန်းမော်တင်အောင်ရဲ့ ဒေါက်တာရေချမ်းနဲ့ မြကေတုရဲ့ နှောင်းခေတ်တက္ကသိုလ်မှတ်တမ်းများ စာအုပ်တွေကို အကျွမ်းတ၀င်ယူခြင်း(၀ိဿာသဂ္ဂါဟ)နဲ့ စာအုပ်ပိုင်ရှင်ရှေ့မှာပဲ မြင်သာထင်သာ ဆွဲထား လိုက်ပါတယ်။ အဟမ်း အဟမ်း နှစ်အုပ်ဆိုတော့ များသပေါ့ ငါ့ရှင်။ ဒီလိုဆိုလည်း ဒေါက်တာရေချမ်းကို သင်တန်းနားရက်မှပဲ ဖတ်တော့ မယ်။ ဒုတိယစာအုပ်ကိုတော့ အမိအရ ဆွဲလာခဲ့တော့တယ်။

 

ဆရာကြီးမြကေတု(မြန်မာစာပါမောက္ခဦးချမ်းမြ)ရဲ့ နှောင်းခေတ်ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အတွေ့ အကြုံများ၊ ဆက်နွှယ်ရာ အကြောင်းတရားများကို အားလပ်ချိန်တွေမှာ အပိုင်းပိုင်းဖတ်ဖြစ်ခဲ့ပါရဲ့။ရွြှေုပည်ကြီးရဲ့ ခေတ်ဦးတက္ကသိုလ်ကျောင်းတော်သားကြီးတစ်ဦးရဲ့ စာပေလက်ရာမှာ ကဗျာအလင်္ကာ၊ ဟာသလေပြေတွေနဲ့ ဖတ်မငြီးအောင် ရေးထားတာတွေ့ရပါတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ညကလည်း အိပ်ရာဝင်ချိန် နောက်ကျခဲ့ ရပြန်ပါတယ်။

 

ဖတ်ကွာ မလိမ္မာမချင်းဖတ်။ အဲ လိမ္မာလည်း ပြည့်ဝအောင်ဆက်ဖတ်။ အသက်ခြောက်ဆယ်ကျော်လို့မှ မလိမ္မာတော့ဘူးဆိုရင်တော့ဘယ်စာအုပ်ဖတ်ဖတ်မလိမ္မာတော့ဘူးဆိုပဲ။ တော်တော်နောက်တဲ့ဒဿနဆရာ။

လောကီနယ်ကိုညွှန်းတာဖြစ်မှာပါ။ လောကုတ္တရာနယ်မှာတော့ အရိယာမဖြစ်သရွေ့ လူလိမ္မာမဖြစ်သေးပါဘူး။

 

(၂)

 

ဆရာကြီးမြကေတုဆိုတာ ရန်ကုန်တက္ကသိုလ်ခေတ်ဦးကို သိမီလိုက်တဲ့ ပုဂ္ဂိုလ်ကြီးပါ။ ပါမောက္ခဦးဖေမောင်တင်၊ ပါဠိဆရာကြီးဒေါက်တာလင်း၊မြန်မာစာဆရာကြီးဦးပွားတို့ရဲ့ လက်ရင်းတပည့်လည်း ဖြစ်ပါတယ်။ မြန်မာစာ ပါမောက္ခ ဦးချမ်းမြအဖြစ်လည်း ပညာတံခွန်တလူလူလွင့်ခဲ့ပါတယ်။ ဆရာကြီးရဲ့ အခု စာအုပ်မှာ ဆောင်းပါးပေါင်း ၃၄ ပုဒ်ပါဝင်ပါတယ်။ ဆောင်းပါးတိုင်းမှာ အလှကိုယ်စီရှိနေကြတာပါပဲ။ လင်းပနေကြတာပါပဲ။ ဒါပေမယ့် သူက ဘာသာရေးနယ်နိမိတ်ထဲကမို့"ဘာသာခြားတစ်ဦး၏မဂ္ဂင်ရှစ်ပါးတရား" ဆိုတဲ့ ခေါင်းစဉ်ဆီ ညွတ်သွားရပါတယ်။

 

ဆရာကြီးမြကေတုက ဆောင်းပါးကို ဒီလိုနိဒါန်ပျိုးပါတယ်။

" ကမ္ဘာစစ်ကြီးပြီးဆုံးပြီးဆုံးခဲ့၍ တိုင်းပြည်ငြိမ်သက် အေးချမ်းစပြုလာသည်နှင့်တစ်ပြိုင်နက် ရန်ကုန် တက္ကသိုလ်မှာလည်း ၁၃၄၆ ခုနှစ်အချိန်အခါက စပြီး အခက်အခဲတွေ အမျိုးမျိုးကြားမှ ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၅၁ ခုနှစ် ဒီဇင်ဘာလတွင် ကျွန်တော်သည် မန္တလေးတက္ကသိုလ်သို့ ရောက်ပြီးမြန်မာစာဌာနမှူးအဖြစ် ရှိနေပါသည်။ ထိုအချိန်အခါအထိ ကျွန်တော်၏ ဆရာကြီး ဦးဖေမောင်တင်ကို ကျွန်တော်မတွေ့ရှိရသေးပါ။

 

ဆရာကြီးသည် စစ်ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် အမေရိကန်၊ ရှိကာဂိုတက္ကသိုလ် တွင်ဧည့်သည်ပါမောက္ခ အဖြစ် ဖိတ်ခေါ်ခန့်ထားခြင်းကို ခံရပြီး ဗုဒ္ဓစာပေများကို ပို့ချနေသည်ဟု သိရပါသည်။ ဆရာကြီးသည် ၀ိသုဒ္ဓိမဂ်၊ပဋိစ္စသမုပ္ပါဒ်၊ဓမ္မစကြာကျမ်းများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ခြင်းကြောင့် အမေရိကန်တက္ကသိုလ် များက အလွန်လေးစားကြပါသည်။အမေရိကန်တွင် ၂ နှစ်ခန့် ဗုဒ္ဓကျမ်းစာများကို ပို့ချရင်း ပြည်နယ်အရပ်ရပ်က ဖိတ်ကြားသဖြင့် ဗုဒ္ဓဘာသာတရားများကို ဟောပြောခဲ့ရသည်ဟု သိရပါသည်။

 

ဤသို့ဟောပြောရှင်းလင်းပြသဖြင့် အချို့သော အမေရိကန်နိုင်ငံသားများသည်ပင် ဗုဒ္ဓဘာသာတရားကို ကိုင်းရှိုင်းပြီး ဗုဒ္ဓဘာသာဝင်များအဖြစ် ကူးပြောင်းလာကြကြောင်းကိုလည်း ဆရာကြီးပြောပြသဖြင့် သိရှိရပါသည်။ သို့သော် ဆရာကြီးကိုယ်တိုင်ကမူ ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး ဗုဒ္ဓဘာသာတရားကို လေးစားသော်လည်း ကိုးကွယ်သည့်ဘာသာမှာ ခရစ်ယာန်ဘာသာပင်ဖြစ်ပါသည်။"

 

 

(၃)

 

ဆရာကြီးဦးဖေမောင်တင်ဆိုတာ ရွှေပြည်ကြီးရဲ့ မြန်မာစာပေ၊ပါဠိစာပေသမိုင်းကမ္ဗည်းမှာ ထီးထီးမားမားကြီးကို ရှိနေခဲ့တာပါ။ဂရိတ်ဗြိတိန်က လန်ဒန်ပါဠိစာတော်မူအသင်းကြီးဟာ ဆရာကြီးရဲ့ ပညာရိပ်ကို ခိုပြီး အဘိဓမ္မာ အင်္ဂလိပ်ဘာသာပြန်ကျမ်းဂန်အချို့ကို ထုတ်ဝေခဲ့ပါတယ်။ ဗုဒ္ဓအရှင်ရဲ့အဦးအစအဘိဓမ္မာကျမ်းစာ ဖြစ်တဲ့ ဓမ္မသင်္ဂဏီကျမ်းရဲ့အဖွင့် အဋ္ဌသာလိနီအဋ္ဌကထာနဲ့ ကမ္မဋ္ဌာန်းဆရာမြတ်အဆူဆူတို့ရဲ့လက်စွဲဖြစ်တဲ့ ၀ိသုဒ္ဓိမဂ် ကျမ်းကြီးတွေပါပဲ။ ဆရာကြီးဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဦးဆုံးမြန်မာအမျိုးသားကျောင်းအုပ်ကြီးဖြစ်ခဲ့သလို ခေတ်သစ်မြန်မာစာပေရဲ့ ရှေ့ဆောင်ပုဂ္ဂိုလ်(Pioneer)ကြီးလည်းဖြစ်ခဲ့ပါတယ်။ ဆရာကြီးနဲ့ပတ်သက်ရင် ပြောစရာတွေအများကြီးရှိသလို ပြောမကုန်နိုင်တဲ့ ဂုဏ်တွေနဲ့လည်း ဆရာကြီးက လင်းလင်းချင်းချင်းရှိခဲ့တာပါ။ ဆရာကြီးရဲ့ အတ္ထုပ္ပတ်အပြည့်အစုံကိုတော့ မလေးလုံပြုစုတဲ့ "ဖေမောင်တင်(သို့မဟုတ်) ဘသက်ရှည်"ဆိုတဲ့ စာအုပ်ကိုသာ ဆက်ဖတ်ကြဖို့ပါ။

 

ဒီမှာပြောချင်တာက ဆရာကြီးမြကေတု ပြောတဲ့ ခရစ်ယာန်ဘာသာဝင်ဘသက်ရှည်ကြီးရဲ့ ဗုဒ္ဓသာသနာပြုပုံ လေးပါ။ ၁၉၆၉ ခုနှစ်ဆီက နေ့တစ်နေ့မှာတော့ တပည့်ဖြစ်သူမြကေတုဆီကို ဘသက်ရှည်ဆီက ကြေနန်းစာတစ်စောင်ရောက်လာခဲ့ပါတယ်။ နောက်တစ်နေ့ မန္တလေးလေဆိပ်မှာ လာကြိုဖို့ပါ။ မြကေတုက စာရေးဆရာကြီးလူထုဦးလှနဲ့အတူ လေယာဉ်ကွင်းမှာ သွားကြိုခဲ့ပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ ဆရာတပည့်တွေ ပျော်လို့ပြုံးလို့။ ဘသက်ရှည်ကလည်း ၀လို့ ဖြိုးလို့ ကျန်းမာလို့ပါပဲ။

 

ဆရာကြီးလာရင်းအကြောင်းက မန္တလေးမြို့မှာ ကျင်းပမယ့် မြန်မာပြည်လုံးဆိုင်ရာခရစ်ယာန်ဘာသာဝင်များ ကွန်ဖရင့်မှာ တရားဟောဖို့ဖြစ်ပါတယ်။ ဖြစ်ချင်တော့ ဆရာကြီးဘသက်ရှည်က ရောက်ရောက်ချင်းဆိုသလို တပည့်တွေကို သူဟောမယ့်တရားပွဲကို မန္တလေးက ဓမ္မမိတ်ဆွေတွေ လာနာအောင် ဖိတ်ကြားပေးဖို့ တိုက်တွန်းခဲ့တာပါ။ခရစ်ယာန်ကွန်ဖရင့်မှာ ခရစ်ယာန်အရင့်အမာကြီးဟောမယ့်တရားက ဗုဒ္ဓတရားတော် ဆိုတော့ မြကေတုနဲ့ လူထုဦးလှတို့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ဖြစ်ခဲ့ကြပါသတဲ့။

 

ဆရာကြီးဘသက်ရှည်က တပည့်ဖြစ်သူမြကေတုကို ပြောတဲ့စကားလေးလည်း နားထောင်ကြည့်ပါဦး။

"ဟေ့ ချမ်းမြ၊ ငါဟာ အခု အသက်(၈၀) ရှိနေပြီကွဲ့။ မန္တလေးကို လာတာဟာ ဒီတစ်ခါနောက်ဆုံးပဲလား မသိဘူးကွယ့်။ မင်းဆရာကတော်ကလည်း ပြောတယ်ကွာ၊ငါအသက်(၈၀)ကျော်ရင် ဘယ်ကိုမှ သွားခွင့်မပေး တော့ဘူးတဲ့။နောက်ဆုံးလာရတဲ့အခါဖြစ်လို့ ငါတော့ ဒီတစ်ခါ ဗုဒ္ဓဘာသာတရားကို ဟောတော့ ဟောချင်နေ တယ်ကွာ၊ငါအမေရိကန်မှာ ဟောခဲ့တဲ့ တရားအဆီအနှစ်တွေပါကွယ်၊မင်းတို့လည်း ငါ့တရားကို နာကြည့်ကြ စမ်းပါဦး"တဲ့။ အော် ရခဲပေစွ။ ကောင်းပေစွ။

 

(၄)

 

မန္တလေးမြို့ ကယ်လီဘုရားရှိခိုးကျောင်းကြီးမှာ ကျင်းပတဲ့ ခရစ်ယာန်ကွန်ဖရင့်မှာ ဆရာကြီးဘသက်ရှည်က ဗုဒ္ဓတရားတော်ကို တကယ်ဟောခဲ့သလို တပည့်ဖြစ်သူ မြကေတုနဲ့ လူထုဦးလှတို့ကလည်း သူတို့ ဆရာကြီးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာဓမ္မမိတ်ဆွေတွေ ဆရာကြီးရဲ့ တရားနာဖို့ တက်ကြွအားသစ်ခဲ့ကြပါတယ်။ ခရစ်ယာန်ဓမ္မမိတ်ဆွေတွေကတော့ ကယ်လီဘုရားရှိခိုးကျောင်းကြီး လျှံထွက် အောင် တက်ရောက်နာယူခဲ့ကြပါသတဲ့။တရားပွဲကို မေတ္တာပို့ဆုတောင်းခြင်း ၊ဓမ္မတေးသီဆိုခြင်းစတဲ့ ခရစ်ယာန် ဓမ္မဓလေ့ထုံးတမ်းစဉ်လာများနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဆရာကြီးဘသက်ရှည် တရားဟောခဲ့ပါတယ်။

 

တရားပွဲမြင်ကွင်းကို ဘသက်ရှည်ရဲ့အန္တေ၀ါသိကတပည့်ကြီးမြကေတုက ဒီလိုမှတ်တမ်းတင်ခဲ့ပါတယ်။

"ဆရာကြီးဦးဖေမောင်တင်အား အတွင်းရေးမှူးက ဘာသာတရားကို ဟောကြားပါမည့်အကြောင်း ဖိတ်ခေါ် လိုက်ပါသည်။ဆရာကြီးဦးဖေမောင်တင်သည် နေရာမှထကာ တရားဟောစင်မြင့်ရှိရာသို့ လေးတွဲ့သော ခြေလှမ်းများဖြင့်တက်လာပါသည်။ဘုရားရှိခိုးကျောင်းတစ်ဆောင်လုံးမှာလည်း အပ်ကျလျှင် ကြားရမလောက်ပင် ငြိမ်သက်လျက်ရှိနေပါသည်။ တရားနာသူအပေါင်းတို့သည်ကား ကြွလာသောဆရာကြီး၏ မျက်နှာကို ကြည့်ကြလျက် လေးစားကြည်ညိုနေကြဟန်တူပါသည်။ ကျွန်တော်၏ စိတ်၌ကား ဆရာကြီးကို လက်ယှက်ရှိခိုးမိရလောက်အောင် ကြည်ညိုနေမိပါတော့သည်။ "သာယာဝတီမြို့က ငါ့အဖိုးဟာ ဗမာမင်းများလက်ထက်မှာသာသနာပိုင်တစ်ဦးဖြစ်တယ်တဲ့ကွယ့်" ဟူသော ကျွန်တော့အား ဆရာကြီးကိုယ်တိုင် ပြောခဲ့ဖူးသော စကားကို ကြားယောင်နေမိပါသည်။လေးဆေးသော ဣနြေ္ဒဖြင့် ဆရာကြီးသည် တရားဟော ကုလားထိုင်တွင် ထိုင်လိုက်ပါသည်။ ထို့နောက် ဆရာကြီးထံမှ တည်ငြိမ်လေးနက်သော အသံထွက် ပေါ်လာပါသည်။"

 

(၅)

ဘသက်ရှည်ဆရာကြီးဦးဖေမောင်တင်ဟောကြားတဲ့ ဗုဒ္ဓဘာသာတရားဓမ္မအပြည့်အစုံကို ဖော်ပြလိုက်ပါတယ်။

 

"ကြွရောက်လာသော ဓမ္မမိတ်ဆွေအပေါင်းတို့ ကျွန်တော့်အား အသက်အရွယ်ကို ထောက်ထား၍ တရားကို ထိုင်ပြီးဟောရသည်ကို ခွင့်လွှတ်စေချင်ပါတယ်။ တရားကို မရိုသေလို့တော့ မဟုတ်ပါဘူး၊ လောကမှာ တရားဆိုတာဟာ ခရစ်ယာန်ဘာသာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် မဟာမေဒင်ဘာသာပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ခင်မှ တရားမင်ကြတာပါ။ "

 

"ဘာသာတရားဆိုတာဟာ ကိုယ့်ဘာသာတရားတစ်ခုတည်းကိုသာ ကျင့်ကြံအားထုတ် စိတ်ဝင်စားနေဖို့ မကောင်းပါဘူး၊တစ်ခြားဘာသာတွေကိုလည်း ကျင့်ကြံလိုက်စားပြီး ဆင်ခြင်နိုင်ရမယ်။ နှိုင်းယှဉ်ကြည့်နိုင်ရမယ်။ ဒါမှသာ ကိုယ့်ဘာသာတရားဆိုတာ ဘယ်လို၊သူများဘာသာတရားရဲ့ အယူအဆက ဘယ်လို ခွဲခွဲခြားသိနိုင်ကြမှာဖြစ်တယ်။ သူတစ်ပါး၏ ဘာသာတရားကို လိုက်စားကျင့်ကြံကြည့်မယ်ဆိုလျှင်လည်း တို့ကန်း ဆိတ်ကန်းအပေါ်ယံကြောနဲ့ ကျင့်ကြံသုံးသပ်ကြည့်လို့ဖြင့် အနှစ်သာရကို မမြင်မတွေ့နိုင်ကြပါဘူး။"

 

"ဗုဒ္ဓဘာသာတရားရဲ့ အဆီအနှစ်ကို သုံးသပ်ကြည့်ချင်ရင် ဗုဒ္ဓဘာသာတရားကို နီးနီးကပ်ကပ် လေ့လာကြည့်နိုင်မှသာ မြင်နိုင်မှာပါ။ ဗုဒ္ဓဘာသာတရားဟာ သိမ်မွေ့တယ်။ နုညံ့တယ်၊ လွန်စွာ အနှစ်သာရရှိတယ်ဆိုတာကို သိရလျှင် ဘာကြောင့်သိမ်မွေ့ရတယ်၊ နူးညံ့ရတယ်ဆိုတာကို လေ့လာကြည့်ဖို့ လိုပါတယ်။ ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများနဲ့လည်း နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံပေါင်းသင်းပြီး သူတို့ရဲ့ တရားကို စူးစမ်းရှာဖွေ ကြည့်ကြရပါမယ်။"

 

"ဘုန်းကြီးကို မကြည်ညိုလို့ အနားမကပ်ချင်ဘူး၊အနားကပ်ပြန်တော့လည်း ရှိခိုးနေရဦးမလား၊ ဘုန်းကြီးနဲ့ စကားပြောရမှာကလည်း ခက်တယ်၊ခရစ်ယာန်တစ်ယောက်က ဗုဒ္ဓဘာသာတစ်ယောက်နဲ့ ဆက်ဆံနေတာကို တွေ့ကြရင်လည်း အထင်သေးခံရမယ်။ဒါတွေကြောင့် ငါဟာရှောင်ကြဉ်မှ ဖြစ်မယ်လို့ ကိုယ့်ကိုယ်ကို ဟိတ်ကြီးဟန်ကြီးနဲ့ လုပ်နေရင်ဖြင့် ဘယ်တော့မှ ဗုဒ္ဓဘာသာတရားရဲ့ သိမ်မွေ့ပုံ၊ နူးညံ့ပုံတွေကို သိကြရမှာ မဟုတ်ဘူး။ ကိုယ့်ဘာသာတရားတစ်ခုတည်းကိုသာ ခင်မင်တွယ်တာမက်မောနေတော့မှာပဲ ဖြစ်ပါတယ်။ သည်တော့ ဘာသာတရားကို နှိုင်းယှဉ်လေ့လာနိုင်ရမယ့် အခွင့်အရေး တွေဟာ ဆုံးရှုံး၍သာ နေကြရမှာပဲ ဖြစ်ပါတယ်။ဒါကြောင့် ဗုဒ္ဓဘာသာတရားကိုလည်း နီးနီးကပ်ကပ်လေ့လာကြည့်ပါ။ နီးနီးကပ်ကပ်လည်း ဆက်ဆံကြည့်ပါ။"

 

"ဘုရားသခင်က ငါမှတစ်ပါး တစ်ခြားသူကို ရှိမခိုးရ၊မဆည်းကပ်ရလို့ ဟောကြားထားသော်လည်း တကယ်စင်စစ်ဆိုရင် စိတ်ဖြင့် ခံယူချက်ကသာ အရေးကြီးပါတယ်။ဥပမာဆိုရင် မိဘ၊ မိဘဆိုတဲ့ ဂုဏ်ကျေးဇူးဟာ အလွန်ကြီးလှပါတယ်။ ဒါဖြင့် မိဘကို ရှိခိုးလျှင်ကော အပြစ်ရှိပါသလား၊ ဒါကတော့ လူတိုင်း ခံယူချက်တစ်မျိုးစီ ရှိနေကြမှာပါ။"

 

"လူဆိုတာ ဒုက္ခများတယ်၊ ဆင်းရဲတယ်၊ ပူပင်တယ်၊ လောဘ ဒေါသ မောဟတွေက များတယ်၊ လူ့ဘုံကြီးဟာ ကျဉ်းမြောင်းလှတယ်၊ ဆင်းရဲရှိရင် ယင်းဆင်းရဲမှ ကင်းသော နိဗ္ဗာန်ဆိုတာ ရှိရမယ်လို့ ဗုဒ္ဓဘာသာတရားက ယူဆတယ်၊ လူ့ဘုံသာ မဟုတ်သေး၊ နတ်ဖြစ်လည်း ဆင်းရဲဒုက္ခမကင်းသေးဘူး၊ ဗြဟ္မာဖြစ်လည်း ဆင်းရဲဒုက္ခမကင်းသေးဘူး၊ ဒါတွေကြောင့် ဘ၀ဆိုတဲ့ သံသရာမှာ လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ ဗြဟ္မာဖြစ်လိုက်၊ ငရဲကျလိုက်၊ တိရိစ္ဆာန်ဖြစ်လိုက်၊အသူရကာယ်ဘုံသွားလိုက်နဲ့ တပြောင်းပြန်ပြန် စုန်ဆန်သွားလာနေကြရတဲ့ (၃၁)ဘုံမှာ ကျင်လည်နေရတယ်လို့ ဗုဒ္ဓဘာသာက ဆိုတယ်။ ကောင်းကင်ဘုံဆိုတာ လူတိုင်းမရောက်နိုင်ပေဘူး၊ ဒီ(၃၁)ဘုံဆိုတာဟာ ဘာနဲ့အလားတူသလဲဆိုတော့ အနောက်နိုင်ငံတွေမှာ တွေ့နေရတဲ့ အထပ်ပေါင်း များစွာရှိတဲ့ မိုးမျှော်တိုက်ကြီးတွေနဲ့တူတယ်။ အဲဒီ (၃၁)ထပ်ရှိတဲ့ တိုက်ကြီးတစ်ခုဆိုကြပါစို့။"

 

"အဲဒီမှာလူတွေဟာကိုယ့်အကြောင်းနဲ့ကိုယ်၊ဆင်းတဲ့သူက ဆင်း၊ တက်တဲသူက တက်နဲ့၊ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲ အလုပ်များနေကြတယ်ဆိုပါတော့၊ ဆင်းလိုက်ကြ တက်လိုက်ကြဆိုတာကလည်း အဲဒီ(Elevator)ဆိုတဲ့ ခလုပ်ကို နှိပ်လိုက်ရင် ဆင်းတဲ့သူအတွက်က ဆင်း၊ တက်တဲ့သူအတွက်က တက်နဲ့ အထက်ပို့ အောက်ပို့လုပ်ပေးနေတဲ့ ဓါတ်လှေကားကြီးတွေက အဆင်သင့်ရှိနေကြတယ်၊ (၃၁)ဘုံသားတွေဆိုတာက ဒီလိုပါပဲ။ ဘ၀တွေများစွာ ဆင်းလိုက်ကြ၊တက်လိုက်ကြနဲ့ ခြေရာတွေကတော့ ထပ်လောက်အောင် များစွာ ကျန်နေပြီပဲ၊"

 

"ဒါပေမယ့် သတိမထားမိတဲ့ လူတွေအတွက်ကတော့ အဲဒီ(၃၁)ဘုံကနေ အပြင်ကို ထွက်လို့ရမယ့် သည့်ထက်သာယာအသက်ရှူချောင်မယ့် ထွက်ပေါက်ကို မမြင်နိုင်ကြလေဘူး၊လူ့ဘုံ နတ်ဘုံ ငရဲဘုံ တိရစ္ဆာန်ဘုံတွေကိုသာ စုန်ဆန်သွားလာနေကြရတာပါပဲ။ သတိမထားကြလို့ပေါ့၊ထွက်ပေါက်ဆိုတာက ရှိနေတာပဲဟာ၊ မလွယ်ပေါက်ကလေးတွေ။ ဆိုကြပါစို့ တော်တော်တန်တန် လူဟာ ဒီထွက်ပေါက် ကလေးတွေကို မမြင်ဘူး၊ဒီထွက်ပေါက်က ထွက်ရင်ရတာပဲ၊ ဒါတွေက ဘာတုန်းဆိုတော့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ မလွယ်ပေါက်တွေပါပဲ၊ မဂ္ဂင်ဆိုတဲ့ စကားက နိဗ္ဗာန်ကို ရှာမှီးပို့ဆောင်ပေးတတ်တဲ့ တရားရယ်လို့ခေါ်ပါတယ်။တနည်းအားဖြင့်ဆိုရင်တော့ နိဗ္ဗာန်သို့ ပို့ပေးတတ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားပါပဲ။"

 

"အဲဒီရှစ်ပါးကို သေသေချာချာ သိမြင်ရင်(၃၁)ဘုံက ထွက်ပေါက်ဖြစ်တဲ့ မလွယ်ပေါက်ကို တွေ့မြင်ပြီလို့မှတ်ကြရမယ်၊ အဲဒီမလွယ်ပေါက်ကမှ ထွက်ပြီး သာယာဝပြော အေးငြိမ်းလှတဲ့ နိဗ္ဗာန်ခရီးကို သွားနိုင်ကြမှာ ဖြစ်တယ်၊ အဲဒီ မဂ္ဂင်(၈)ပါး ဆိုတဲ့ မလွယ်ပေါက်(၈)ခုတွေက-

 

(၁)သမ္မာဒိဋ္ဌိ-မှန်ကန်စွာ ရှုမြင်တတ်ခြင်း၊မှန်ကန်စွာ ယူဆတတ်ခြင်းပါပဲ၊ကိလေသာ တဏှာ လောဘ ဒေါသ မောဟတွေက ဖုံးနေရင် မှန်ကန်စွာ မမြင်တတ်ကြဘူးတဲ့၊ အဲဒါ မှန်ကန်စွာ မြင်တတ်ကြဖို့လိုပါတယ်။

(၂)သမ္မသင်္ကပ္ပ-မှန်ကန်စွာ ကြံစည်ခြင်းတဲ့၊လောဘရမ္မက်ကိုလိုက်၍ မှန်ကန်စွာ မကြံစည်နိုင်တာတွေ၊ အတ္တကိုစွဲပြီး မှန်ကန်စွာ မကြံစည်နိုင်တာတွေကို ဖယ်ရှားပစ်ကြရမယ်။

(၃)သမ္မာဝါစာ-မှန်ကန်စွာ ပြောကြရမယ်တဲ့၊ ချစ်လို ဒီပါးစပ်၊မုန်းစေလို ဒီပါးစပ်ပါပဲ၊ မှန်ကန်တဲ့သစ္စာ ဆိုတာရှိကြရမယ်၊ မုသာဝါဒကို မသုံးဘဲ လောကမှာ မှန်တာကိုသာ ပြောကြ လုပ်ကြရမယ်လို့ ဆိုလိုတယ်။

(၄)သမ္မာကမ္မန္တ- မှန်ကန်စွာလည်း လုပ်ကိုင်ကြရမယ်တဲ့။ စီးပွားရေးမတော်လောဘစိတ်မရှိရဘူး၊ သူတစ်ပါး ပျက်စီးစေပြီး ကိုယ်တစ်ယောက်တည်း ကောင်းစားမယ့် အလုပ်ဆို ရှောင်ရမယ်တဲ့။

(၅)သမ္မာအာဇီဝ-မှန်ကန်စွာ အသက်မွေးဝမ်းကြရမယ်တဲ့။ အသက်မွေးမှုမှန်ကြရဲ့လား၊ ပရိယေသနမူလက ဒုက္ခတဲ့၊ အသက်မွေးမှုကို ရှာကြံကြရာ၌ ရှေးဦးစွာသော ဒုက္ခအရင်းအစစ်ကတော့ အသက်မွေးဝမ်းကျောင်းရတဲ့ ဒုက္ခပဲ မဟုတ်လား၊ သူများဥစ္စာကို မတော်လောဘနဲ့ လိုချင်တယ်၊ခိုးမယ်၊ တိုက်မယ်ဆိုတာတွေကို ရှောင်ကြည်ရမယ်တဲ့။

(၆)သမ္မာဝါယာမ-မှန်စွာ လုံ့လထုတ်ကြရမယ်တဲ့၊တစ်လွဲဆံပင်ကောင်းနေကြလို့မဖြစ်သေးဘူး၊ ယခု ပစ္စက္ခ အတွက် လုံ့လ၊ နောင်သံသရာအတွက် လုံ့လရယ်လို့အားထုတ်ကြရမယ်တဲ့၊

(၇)သမ္မာသတိ-မှန်ကန်စွာ အောက်မေ့တတ်ကြရမယ်တဲ့၊ သတိရှိကြရမယ်တဲ့။ သတိတမန် ဉာဏ်မြေ ကတုတ်တဲ့မဟုတ်လား၊ မမှားခင်က မိမိမှားတော့မယ်ဆိုရင် သတိဆိုတာ အရင်ပေါ်လာပါစေတဲ့၊ သတိရှိတော့ ဟိရီ၊သြတ္တပဆိုတဲ့ ရှက်ခြင်းကြောက်ခြင်းက တားမြစ်ပေးလိမ့်မယ်။

(၈)သမ္မာသမာဓိ-စိတ်အာရုံထားမှန်ကန်ရမယ်တဲ့၊ စိတ်တည်ကြည်ရမယ်၊ လူ့စိတ်ကို မျောက်စိတ်လို မမွေးကြရ ဘူးတဲ့၊ကတိတစ်လုံးကို မဖျက်ကြရဘူး၊ မဟုတ်တာကိုဖြင့် မလုပ်ရဘူး၊ ငတ်လို့သေချင် သေသွားပါစေဆိုတဲ့ စိတ်အာရုံမျိုးကို မွေးကြရမယ်။"

 

"အဲဒီ မလွယ်ပေါက်(၈)ပေါက်ကို တွေ့ရင်ဖြင့် (၃၁)ဘုံက ထွက်နိုင်မယ်၊ နိဗ္ဗာန်ရောက်ချင်ကြရင် အဲဒီမလွယ်ပေါက်တွေကို အပတ်တကုတ်ရှာကြရမယ်တဲ့။ အဲဒီလိုပဲ ဗုဒ္ဓဘာသာတရားက ဆိုတယ်။ဒါကြောင့် ဗုဒ္ဓဘာသာတရားဟာ သိမ်မွေ့တယ်၊ နူးညံ့တယ်၊ အဆီအနှစ်နဲ့လည်း ပြည့်စုံတယ်၊ဒီတရားတွေကို ကျုပ်တို့ ခင်ဗျားတို့ရဲ့ ခရစ်ယာန်တရားနဲ့ ဉာဏ်ယှဉ်ပြီးကြည့်နိုင်မှ မိမိတို့လိုလားတဲ့ နိဗ္ဗာန်ကို ရောက်ကြရမှာ ဖြစ်ပါတယ်။ အသင်တို့အားလုံး ကောင်းကင်ဘုံသို့ ရောက်နိုင်ကြစေသတည်း၊ ရောက်နိုင်ကြစေသော်ဝ်။"

 

 

(၆)

 

ဆရာကြီးဘသက်ရှည်ရဲ့ တရားအဆုံးမှာတော့ "အာမင်" ဆိုတဲ့ ကောင်းချီးအနုမောဒနာသံကြီးက ဘုရားရှိခိုးကျောင်းကြီးတစ်ခုလုံး လွှမ်းသွားခဲ့ပါသတဲ့။ ကောင်းလေစွ။ ဗုဒ္ဓဓမ္မရဲ့အနှစ်သာရပိုင်းကို ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဓမ္မမိတ်ဆွေတွေ ထင်သာမြင်သာဖြစ်အောင် ရိုးရှင်းစွာ ဟောပြခဲ့လေသမို့ သူကလည်း စာဖတ်ရင်းနဲ့ သာဓုခေါ်မိပါရဲ့။

 

မြကေတုကတော့ ဗုဒ္ဓဓမ္မနဲ့ပတ်သက်လာရင် ပါရဂူမြောက်ဖြစ်ခဲ့တဲ့ ဆရာကြီးရဲ့ ဘာသာရေးခံယူချက်ကို ဒီလိုရေးပြပြန်ပါတယ်။

"ဆရာကြီးနှင့် ကျွန်တော်တို့ တရားပွဲပြီးဆုံးလျှင် အိမ်သို့ပြန်လာကြပါသည်။ တစ်လမ်းလုံး ကျွန်တော်တို့ စကားမပြောခဲ့ကြ၊ ကျွန်တော့်စိတ်၌ကား တအုံ့နွေးနွေးနှင့်ရှိနေသည်။ ဆရာကြီးသည် ဗုဒ္ဓဘာသာတရားကို ကိုယ်တိုင်နားလည်ရုံမျှမက ၀ိသုဒ္ဓိမဂ်ကျမ်းကိုလည်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ဖူးသည်။ပဋိစ္စသမုပ္ပါဒ်နှင့် ဓမ္မစကြာတို့ကိုလည်း ဘာသာပြန်ဆိုခဲ့ဖူး၏၊ နိုင်ငံခြားတက္ကသိုလ်များတွင် ဗုဒ္ဓကျမ်းစာကိုလည်း ပို့ချဖူးသူဖြစ်၏။ နိုင်ငံခြားတွင် ပါဠိဘာသာ၌ ပါရဂူဖြစ်သော ပါဠိဒေ၀ီအမည်ရ ပါမောက္ခမစ္စစ် ဒေဗစ်နှင့်လည်း အကြေအလည် ဗုဒ္ဓတရားကို ဆွေးနွေးခဲ့ဖူး၏။ ဒါပေမယ့် ဆရာကြီးသည် ခရစ်ယာန်ဘာသာဝင်အရင့်အမာကြီးပေပါပဲကလား၊ ဆရာကြီးကို တစ်ခြားသူများက-"ဆရာကြီးဟာ ဗုဒ္ဓဘာသာလား၊ခရစ်ယာန်ဘာသာလား" ဟူ၌ မေးသည်ဖြစ်ငြားအံ့၊မည်သည့်အခါမှ အဖြေကို မပေး၊" ခင်ဗျားကကော ကျုပ်ကို ဘယ်လိုထင်သလဲ" ဟူ၍ ပြန်မေးတတ်သည်။ ဆရာကြီးသည် ဗုဒ္ဓဘာသာကို လေးစားသော ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည်ဟု ရဲရဲဆိုရအံ့ထင်သည်။"

"ဤမျှ ဗုဒ္ဓဘာသာတရားကို လေးစား၍ နားလည်သော ကျမ်းတတ်ပုဂ္ဂိုလ်ကြီးသည် အဘယ့်ကြောင့် ဗုဒ္ဓဘာသာဝင်မဖြစ်သနည်း ဟု ကျွန်တော် စဉ်းစားနေမိသည်။ဆရာကြီးသည် သေသည့်တိုင်အောင်ပင် ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့သည်။ သေသည့်တိုင်အောင်ပင် ဗုဒ္ဓဘာသာတရားကိုဖြင့် လေးစားခဲ့သူဖြစ်သည်။"

 

(၇)

ဆရာကြီးမြကေတုရဲ့ အခြားမှတ်ချက်ကိုတော့ မလိုအပ်လို့ မဖော်ပြတော့ပါ။

ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးကို စဉ်းစားစရာအတွေးတွေ အများကြီးပေးတဲ့ ဒီဆောင်းပါးအတွက် ဆရာကြီးမြကေတုကို ကျေးဇူးတင်မိကြောင်းသာ ဖော်ပြလိုပါတော့တယ်။

 

Posted by ဓမ္မဂင်္ဂါ at 9:34 AM

Credit / Source: http://dhammaganga.blogspot.com/2010/01/blog-post_21.html

Credit: Lu Zein's Note