Pages

Saturday, October 20, 2012

``ဝေဖန်ပိုင်းခြားနိုင်မှ ဗုဒ္ဓ၀ါဒ`` [Paw Oo Myay]

ဝေဖန်ပိုင်းခြားနိုင်မှ ဗုဒ္ဓ၀ါဒ/ ဗုဒ္ဓ၏ ၀ိဘဇ္ဇ၀ါဒ တရားတော်/ ကာလာမသုတ်

(မှတ်ချက်။ အမေရိကန်နိုင်ငံ ဇနီးမောင်နှံနှစ်ဦး ဘာသာရေးဒေါက်တာဘွဲ့ကို စာတမ်းပြုစုရာမှ ယခုဖော်ပြထားသော "ကာလာမသုတ်" ကိုဖတ်ရှုပြီး ခရစ်ယာန်ဘာသာဝင်မှ ဗုဒ္ဓဘာသာဝင်ဖြစ်သွားခဲ့ပါသည်။ ထို့ကြောင့် "ကာလာမသုတ်" တွင် ပါဝင်သည်ကို အကျဉ်းပြန်လည်ရေးသားတင်ပေးလိုက်ပါသည်။ အကျယ်အားဖြင့် "ယုံမှတ်လို့ ပုံအပ်မိသူ အပိုင်း ၂" စာအုပ် နှင့် မျက်ရည်မကျခင်စာအုပ်၌ ဘာသာတန်ဘိုးအကြောင်း ကို ဓမ္မ စာအုပ်များ category မှ အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ ရေးသားသော စာအုပ်များတွင် Download လုပ်နိုင်ပါသည်။)

အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်၊ ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ် မှ -
အခါတစ်ပါး မြတ်စွာဘုရား ဒေသစာရီလှည့်လည်တော်မူစဉ် ကေသမုတ္တိနိဂုံးရှိ ကာလာမအနွယ် အမျိုးသားတို့နေရာသို့ ရောက်ရှိခဲ့ပါသည်။ ကာလာမအမျိုးအနွယ်တို့သည် မြတ်စွာဘုရားကို ဖူးမြော်ကြည်ညိုပြီး ၀မ်းမြောက်စကားများကို ပြောဆိုပြီးနောက် ယခုကဲ့သို့ လျှောက်ထားကြသည်။
အရှင် ဂေါတမ၊ ကျွန်ုပ်တို့နေထိုင်ရာအရပ်သို့ ရောက်လာသမျှသော ဘာသာရေးခေါင်းဆောင်ဟူသမျှတို့သည် အချင်းကာလာမအနွယ်တို့၊ အယူဝါဒဟူသမျှတို့တွင် ငါတို့၏ အယူဝါဒသည်သာလျှင် အကောင်းဆုံးဖြစ်သည်ဟု ပြောလေ့ရှိကြသဖြင့် ကျွန်ုပ်တို့မှာ မည့်သည့်အယူဝါဒ အကျင့်အကြံဟာ ကောင်းကြောင်းကို မဆုံးဖြတ်နိုင်နေကြပါသည် ဘုရား ဟုလျှောက်ထားရာ -
ဘုရားရှင်က သူ၏၀ိဘဇ္ဇ – ဝေဖန်ပိုင်းခြားပြီးမှ ယုံကြည်လက်ခံရသောဝါဒကို ယခုကဲ့သို့ ရဲရဲတောက် ဟောကြားတော်မူပါသည်။
အို အချင်းကာလာမ အနွယ်တို့ – သင်တို့သည် အယူဝါဒတစ်ခုကို -

တစ်ဆင့်ကြားဖြင့်လည်း အမှန်ကို မယူကြနဲ့။
ရှေးအစဉ်အလာစကားဖြစ်ရုံနဲ့လည်း အမှန်ကို မယူကြနဲ့။
ဤသို့ဖြစ်ဘူးသတဲ့ဆိုသဖြင့်လည်း အမှန်ကို မယူကြနဲ့။
ကျမ်းဂန်နှင့် ညီညွတ်သည်ဆိုရုံဖြင့်လည်း အမှန်ကို မယူကြနဲ့။
နည်းမှီ၍ ယူခြင်းမျိုးဖြင့်လည်း အမှန်ကို မယူကြနဲ့။
အကြောင်းခြင်းရာကို ရှာကြံထောက်ပြ ညီညွတ်သည်ဆိုရုံဖြင့်လည်း အမှန်ကို မယူကြနဲ့။
မိမိတို့ကြံစည်နှစ်သက် လက်ခံထားသောအယူနဲ့ ကိုက်ညီသည်ဆိုရုံနှင့်လည်း အမှန်ကို မယူကြနဲ့။
လက်ခံထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်ရုံဖြင့် အမှန်လို့ မယူဆကြနဲ့။


သင်တို့သည် မိမိတို့ကိုယ်တိုင် -

ဤတရားတို့သည် အကုသိုလ်တရားတို့တည်း
ဤတရားတို့သည် အပြစ်ရှိသော တရားတို့တည်း
ဤတရားတို့သည် ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း
ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့နှင့် ဆောက်တည်လျှင် အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏ ဟု သိကြသောအခါ ထိုတရားတို့ကို ပယ်ကြကုန်လော့။





ဤတရားတို့သည် ကုသိုလ်တရားတို့တည်း
ဤတရားတို့သည် အပြစ်မရှိသော တရားတို့တည်း
ဤတရားတို့သည် ပညာရှိတို့ ချီးမွမ်းအပ်သောတရားတို့တည်း
ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ကုန်၏ ဟု သိကြသောအခါ တိုတရားတို့ကို ကျင့်ကြံကြကုန်လော့ ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။





(မြတ်စွာဘုရား ဟောကြားချက်သည်ကား – မည်သို့သော နေရာ မည်သို့သောအခြေအနေ မှာ မဆို ဤသို့သောအချက်များနှင့် နှိုင်းယှဉ်လျှင် သဘာဝအရ (သို့) နှစ်ဦးနှစ်ဖက် အဆင်ပြေ တရားမျှတသော ရလဒ်တစ်ခုရသည်ကား သေချာလှပါ၏။)


ကိုးကွယ်သင့်သော ဘာသာ အင်္ဂါ (၇) ချက်
- အပြစ်ကင်းရမယ်။
- ကောင်းကျိုး ရှိရမယ်။
- ပညာရှိတို့ ကဲ့ရဲ့မှုမှ လွတ်ကင်းရမယ်။
- အခြားဘာသာတို့ ဖျက်ဆီးခြင်း၊ ရှုတ်ချခြင်း ကင်းရမယ်။
- အခြားဘာသာများ တရားသဖြင့် တိုးတက်ကြီးပွားအောင် ပြုလုပ်ခြင်းကို ခွင့်ပြုရမယ်။
- မကောင်းမှုကို မပြုမိအောင် စောင့်စည်းပေးနိုင်ရမယ်။
- စိတ်ကို ကိလေသာမှစင်ကြယ်အောင် ညွှန်ပြနိုင်စွမ်းရှိရမယ်။

ဘာသာရေးခေါင်းဆောင်ကောင်း၏အင်္ဂါ ရ ချက်
၁) ရိုသေထိုက်တဲ့ ဂုဏ် ရှိရမယ်။
၂) ချီးမွမ်းထိုက်တဲ့ ဂုဏ် ရှိရမယ်။
၃) ချစ်ခင်ထိုက်တဲ့ ဂုဏ် ရှိရမယ်။
( အပေါ် ၃ ခုသည် သီလ၊ သမာဓိ၊ ပညာသိက္ခာာသုံးပါးနှင့်ပြည့်စုံသူ)
၎) တပည့်ဖြစ်သူလွဲမှားနေရင် ပြုပြင်ဆုံးမနိုင်ရမယ်။
၅) တပည့်ဖြစ်သူမသိ၍ မေးလာသမျှကို ဖြေဆိုနိုင်ရမယ်။
၆) နက်နဲတဲ့သစ္စာတရားကို ဟောကြားနိုင်ရမယ်။
၇) ကောင်းကျိုးရမယ့်နေရာကို ညွှန်ပြနိုင်စွမ်းရှိရမယ်။

(အကယ်၍များ ဘာသာရေးခေါင်းဆောင်များသည် အထက်ဖော်ပြပါ အင်္ဂါချက်များနှင့် ကိုက်ညီမှု မရှိပါက ဘာသာ သာသနာသည်ပင် ပျောက်ကွယ်နိုင်ပြီး ကိုးကွယ်သော ဒကာ၊ ဒကာမများသည်လည်း သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကိုသာကြည့်ပြီး ကြည်ညိုကိုးကွယ်သင့်ပါကြောင်း။)
အညွှန်း- အရှူံးမရှိသော ဒဿနစာအုပ်။

No comments:

Post a Comment