(၁) အယုတ်နှစ်ပါး၊ မလိုက်စား၊ လမ်းသွားမဇ္ဈိမ။
(၂) မမြှောက်မစား၊ မနှိမ်ငြား၊ တရားဟောဖေါ်ပြ။
(၃) သုခနှစ်ပါး၊ ဉာဏ်ပိုင်းခြား၊ ပွားများအဇ္ဈတ္တ။
(၄) မျက်မှောက်မျက်ကွယ်၊ ဤနှစ်သွယ်၊ ဆိုဖွယ်သိတတ်လှ။
(၅) မလျင်မဆော၊ စကားပြော၊ ပြေချောသိမ်မွေ့စွ။
(၆) အရပ်စကား၊ မလွန်ငြား၊ ခြောက်ပါးအရဏ။
အဓိပ္ပာယ် -
(၁) အယုတ်တရားနှစ်ပါး မလိုက်စားဘဲ မဇ္ဈိမ ပဋိပဒါလမ်းသို့ လိုက်ပါခြင်း။
(၂) ပုဂ္ဂလဓိဋ္ဌာန် နည်းဖြင့် ပုဂ္ဂိုလ်ကို ဦးတည်၍ စကားပြော တရားဟောလျှင် "ချီးမွမ်းအပ်သည့် ပုဂ္ဂိုလ် ဖြစ်သည်" ဟု ဟောပြောက "မြောက်စားခြင်း" မည်၍၊ "ကဲ့ရဲ့အပ်သည့် ပုဂ္ဂိုလ် ဖြစ်သည်" ဟု ဟောပြောက "သူ့ကို နှိမ်ခြင်း" မည်လေသည်။ ထိုသို့ မြောက်စားခြင်း၊ နှိမ်ခြင်းကို အလျင်းမပြုဘဲ ဓမ္မဓိဋ္ဌာန် နည်းအားဖြင့် တရားသဘောကိုသာ ညွှန်ပြ၍ "ချီးမွမ်းအပ်သော တရားဖြစ်သည်၊ ကဲ့ရဲ့အပ်သော တရားဖြစ်သည်" ဟုသာ ဟောပြောခြင်း။
(၃) သူတော်တရား (သမထ၊ ၀ိပဿနာ) အားထုတ်၍ ရရှိသော အဇ္ဈတ္တ သုခ၊ အပြင်အပ ဗဟိဒ္ဓ အာရုံငါးပါးကို အကြောင်းပြု၍ ရရှိသော ဗဟိဒ္ဓသုခ ဟု သုခနှစ်ပါးကို ခွဲခြားသိမြင်ပြီးလျှင် အဇ္ဈတ္တသုခ ကိုသာ ပွားများခြင်း။
(၄) ပုဂ္ဂိုလ် တစ်ဦးဦး၏ အကြောင်းကို မျက်မှောက် မျက်ကွယ် နှစ်နေရာလုံး မှာပင် မှန်ကန်၍ အကျိုးရှိမှ ပြောဆိုခြင်း။
(၅) စကားပြော တရားဟောသောအခါ မလျင်မဆော ချောမောပြေပြစ်စွာ ပြောဟောခြင်း။
(၆) အရပ်တစ်ပါးသို့ ရောက်သွားသော် ထိုအရပ်၌ သုံးစွဲသည့် ဝေါဟာရ စကားများနှင့် စပ်၍ (မိမိ၏ အရပ်သုံး ဝေါဟာရနှင့် မတူ ကွဲပြားသော်လည်း) ငြင်းခုံ လွန်ဆန်မှု မပြုခြင်း။
ဤကား ဥပရိပဏ္ဏသ ပါဠိတော် အရဏ၀ိဘင်္ဂသုတ်လာ အဓိပ္ပာယ်တည်း.....
(မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး)
Credit: http://www.dhammaflavour.net/2010/09/blog-post_25.html
Credit: Lu Zein's Notes
No comments:
Post a Comment