ဘုန်းတော်ကြီး ဦးသီလနှင့် ညွှတ်ကွင်း
၁၂၄၄-ခုနှစ်ခန့်တွင် ဘုန်းတော်ကြီး ဦးသီလသည် ရွှေကျင် ဆိတ်ကလေး တောကျောင်း၌ သီတင်းသုံးနေတော် မူသည်။ ထိုစဉ် ၀မ်းခနိမ်ရွာသို့ နံနက်စောစော ဆွမ်းခံကြွသွားရာ တောလမ်းအတွင်း ခြေတော်သည် ညွှတ်ကွင်းတခုတွင် မိသွားသည်၊ ထိုအခါ ဘုန်းတော်ကြီးသည် ထိုနေရာမှ မကြွဘဲ ရပ်တန့်နေသည်။ ညွှတ်ကွင်းရှင် မြင်သောအခါ အကြောက်လွန်၍ အနီးမကပ်ဘဲ ရှောင်တိမ်းနေ၏၊ အတန်ကြာ၍ တဖန် လာကြည့်သောအခါ၌လည်း ဘုန်းတော်ကြီးကို ရပ်တော်မူလျက်သာ တွေ့ရ၏။ ဤနည်းဖြင့် သုံးလေးကြိမ် လာကြည့်ပြီးလျှင် အလွန်ပူပန်စိုးရိမ်မိသဖြင့် အခြားသူတယောက်ကို အကျိုးအကြောင်း ပြောပြ၍ ညွှတ်ကွင်း သွားဖြုတ်ပေးပါ-ဟု တောင်းပန်၏။
ထိုသူလည်း လျင်မြန်စွာ သွား၍ ဖြုတ်သောအခါ ဘုန်းတော်ကြီးက
ဒါယကာ၊ သင်၏ ညွှတ်ကွင်းလား-ဟု မေး၏။
မဟုတ်ပါ-ဟု လျှောက်သော် သူတပါး၏ ညွှတ်ကွင်းကို မဖြုတ်နဲ့-ဟု ဆို၏။
ထိုသူလည်း ပြန်သွား၍ ညွှတ်ကွင်းရှင်အား ကိုယ်တိုင်သွားဖြုတ်ရန် ပြောသည်၊ ညွှတ်ကွင်းရှင်သည် မသွားဝံ့၊ မကြာမီ နေမွန်းတည့်လုနီးအချိန်သို့ ရောက်လာ၏။ အဖော်ဖြစ်သူက ညွှတ်ကွင်းရှင်အား ဘုန်းတော်ကြီးသည် ညွှတ်ကွင်းကို ကိုယ်တိုင်လည်း မဖြုတ်၊ ညွှတ်ကွင်းရှင် မဟုတ်သူကိုလည်း အဖြုတ်မခံ၊ မွန်းတည့်ချိန်လည်း နီးပြီ၊ ဆွမ်းမစားရ၍ ပျံတော်မူသွားလျှင် မင်း အ၀ီစိလောက်တော့ သေချာပြီ-ဟု သတိပေးသည်။
ဤတွင်မှ ညွှတ်ကွင်းရှင်သည် ဘုန်းတော်ကြီးထံ စွန့်စား၍ သွားသည်။ အနီးသို့ရောက်သောအခါ တပည့်တော် တောကြက်ထောင်တဲ့ ညွှတ်ကွင်းပါ၊ နောက် တသက်လုံး ဤအမှုကို ရှောင်ကြဉ်ပါတော့မယ်-ဟု ငိုယိုလျှောက်ထား၍ ညွှတ်ကွင်းကို ဖြုတ်သည်။ ညွှတ်ကွင်းအနီးရှိ တည်ကြက်နှင့် ညွှတ်ကွင်းကိုလည်း လှူလိုက်သည်။ ထိုအချိန်မှာ မွန်းတည့်ချိန် ရောက်နေပြီဖြစ်၍ ဘုန်းတော်ကြီးသည် ဆွမ်းမဘုဉ်းပေးရတော့ပေ။
ဘုန်းတော်ကြီး ဦးသီလသည် ရဟန္တာ-ဟု ကျော်စောခဲ့သော ရဟန်းမြတ်ကြီး ဖြစ်သည်။ ဒကာ-ဒကာမများက ဆရာတော်-ဟု ခေါ်သည်ကို လက်မခံပေ။ သည်လိုမခေါ်နဲ့ ငါဟာ မင်းဆရာမဟုတ်ဘူး-ဟု မိန့်တော်မူလေ့ရှိသည်။ ထို့ကြောင့် ဆရာတော် ဦးသီလ-ဟု မတွင်ဘဲ ဘုန်းတော်ကြီး ဦးသီလ-ဟု တွင်ပေသည်။
( ၀င်းဝင်းမြတ် )
( ညောင်လေးပင်တောရ ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဦးအရိယ-ရေး
ဘုန်းတော်ကြီး ဦးသီလ ထေရုပ္ပတ္တိ-မှ )
Ukhin Crays
http://www.mawluu.com/2009/04/blog-post_1897.html
---
ဘုန်းတော်ကြီး ဦးသီလ-၏ သြ၀ါဒတော်
* ပစ္စည်းနှင့် အင်္ဂါ ခြေ လက် တခုခု အန္တရာယ်တွေ့လျှင်
အင်္ဂါ ခြေ လက် အထိ မခံနဲ့၊ ပစ္စည်း အပျက်ခံ။
* အင်္ဂါ ခြေ လက်နှင့် အသက် တခုခု အန္တရာယ်တွေ့လျှင်
အသက် အထိမခံနဲ့၊ အင်္ဂါ ခြေ လက် အပျက်ခံ။
* အသက်နှင့် သီလ တခုခု အန္တရာယ်တွေ့လျှင်
သီလအထိမခံနဲ့၊ အသက်အပျက်ခံ။
Labels: ဘာသာသုတ
http://www.pannaparami.com/2011/03/blog-post_6012.html
---
ဘုန်းတော်ကြီး ဦးသီလ
အခါတစ်ပါး သဒ္ဓါတရားကောင်းလှသော ရဟန်းတစ်ပါးသည် ဘုန်းတော်ကြီးထံ ရောက်လာ၏။
""ဘုရားတပည့်တော်သည် ဘုန်းတော်ကြီး ဘုရားနှင့်အတူ မကွေမကွာနေ၍ တရားအားထုတ်ပါရစေ၊ သက်သတ်လွတ် အကျင့်လည်း အမြဲ စားပါမည် ဘုရား""ဟု လျှောက်လေ၏။
""ဦးပဉ္စင်း၊ ရဟန်း သိက္ခာ ဘယ်လောက် ရှိပြီနည်း""
""နှစ်ဝါ ရှိပါပြီ ဘုရား""
""ဦးပဉ္စင်း ၀ါငယ်သေးသည်၊ စာတတ်အောင်သင်ဦး၊ စာပေ ပရိယတ်ဘက်က ပညာတတ်မြောက်၍ ဆယ်ဝါ လောက်ရတော့မှ အားထုတ်၊ ဘုန်းကြီးများကို ယခု သက်သတ်လွတ်စားနေတာ ကုသိုလ်ဖြစ် ကျင့်သည် မထင်နှင့်၊ သွားနာသက်သာလို့"" ဟု မိန့်တော်မူသတတ်။
[ ဘုန်းတော်ကြီး ဦးသီလ ထေရုပ္ပတ္တိ၊ ဒုတိယပိုင်းသြ၀ါဒခန်း၊ ပ-နှိပ်-၅၃ ]
http://www.yawainwe.com/index.php?option=com_content&view=article&id=147&Itemid=205
---
(၅၈) ဘုန်းတော်ကြီး ဦးသီလ ဘယ်လိုဓူတင်တွေ ဆောင်ခဲ့သလဲ
ဘုန်းတော်ကြီး ဦးသီလကို ရဟန္တာအဖြစ် သတ်မှတ်ကြပါသည်။ ဘုန်းတော်ကြီး ဦးသီလသည် ဧရာဝတီတိုင်း၊ ဇလွန်မြို့၌ သုသာန်
ကျောင်းသိမ်ကို သမုတ်ရန် ကြွရောက်လာရာမှ ၁၂၆၉ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၃) ရက်နေ့ နံနက်(၂)နာရီတွင် ပျံလွန်တော်မူခဲ့သည်။
ဘုန်းတော်ကြီး ဦးသီလသည် အောက်ပါ အကျင့်မြတ်များကို ထိုက်သင့်သလို ကျင့်သုံးတော်မူခဲ့ပါသည်။
၁။ ပံ့သကူဓူတင်
ပိုင်ရှင်မဲ့စွန့်ပစ်ထားသည့် သင်္ကန်း၊ သပိတ် စသည်တို့ကို ကောက်ယူသုံးဆောင်ရသော အကျင့်မြတ်။
၂။ တိစီဝရိက်ဓူတင်
ကိုယ်ဝတ်၊ ခါးဝတ်၊ ဒုကုဋ် သင်္ကန်းသုံးထည်ကိုသာ အသုံးပြုရသော အကျင့်မြတ်။
၃။ ပိဏ္ဌပါတ်ဓူတင်
ဆွမ်းခံ၍ ရရှိသော ဆွမ်းကိုသာ သုံးဆောင်ရသော အကျင့်မြတ်။
၎။ ဧကာသနိက်ဓူတင်
တစ်ထိုင်တည်းဖြင့် တစ်နပ်တည်းသောဆွမ်းကိုသာ ဘုဉ်းပေးရသော အကျင့်မြတ်။
၅။ ပတ္တပိုဏ်ဓူတင်
တစ်ခွက်တည်းသော ဆွမ်းကိုသာ ဘုဉ်းပေးရသော အကျင့်မြတ်။
၆။ အရညကင်ဓူတင်
ရွာနှင့်ဝေးစွာ တော၌သာ မှီခိုနေထိုင်သော အကျင့်မြတ်။
၇။ ရုက္ခမူဓူတင်
သစ်ပင်အောက်၊ သစ်ပင်ရင်းအနီး၌သာ မှီခိုနေထိုင်ရသော အကျင့်မြတ်။
၈။ အဗ္ဘောကာသိကဓူတင်
အဆောက်အအုံ အမိုးအောက်မ၀င်ဘဲ လွင်ပြင်၌သာ နေနိုင်ရသောအကျင့်မြတ်။
၉။ ဃောဃနိကဓူတင်
သုသာန်၌သာ နေထိုင်ရသော အကျင့်မြတ်။
၁၀။ နေသဇ္ဇိဓူတင်
ကြမ်းပြင်၊ အခင်း၊ ညောင်စောင်း၊ ပလ္လင်ပေါ်၌ ကျောမချဘဲထိုင်ခြင်း၊ ရပ်ခြင်း၊ စင်္ကြံလျှောက်ခြင်းဖြင့်သာ နေရသောအကျင့်မြတ်။
(ဘုန်းတော်ကြီး ဦးသီလသည် ဆွမ်းဘုဉ်းပေးသည့်အခါ တစ်နေရာတည်းတွင် တစ်ခွက်တည်းသော သက်သက်လွတ်ဆွမ်းကိုသာ
အမြဲသုံးဆောင်လေ့ရှိသည်။)
မှ- သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀)
http://mmcybermedia.com/community/index.php?topic=46339.55;wap2
---
ဘုန်းတော်ကြီး ဦးသီလ (၁၈၃၂-၁၉၀၇)
ရေးသားသူ - သာသနာ့အလငျး
ရက်စွဲ - 13-01-2012
ပဲခူးတောရ ဘုန်းတော်ကြီး ဦးသီလ၏ သဘာဝ မူရင်းဓာတ်ပုံ ဖြစ်သည်။ ဘုရားကြီး နှင့် ပဲခူးအကြား ရွှေလှေရွာ အနီးအနား ၌ မန္တလေးမြို့ မှ တအားစုန်ဆင်းလာသော မီးရထားကြီး ရပ်သွားစဉ် (ဘုန်းတော်ကြီး ၏ သီလဂုဏ်ကြောင့် မီးရထားကြီးတောင် ရပ်သွားတယ်) စသည့် ပဲခူးမြို့ပေါ်တွင် တစ်မုဟုတ်ချင်း ပို၍ သတင်းကြီးသွားသည်။ ထိုကြောင့် ဘုန်းတော်ကြီး ၏ နှမအရင်း (ဘုရားကြီးမြို့၊ ဆန်စက်ပိုင်ရှင်၊ တန်ဆောင်းအမ ဒေါ်မြ၏ မိခင်) ဒေါ်သူဇာ ကိုယ်တိုင် နှောင်းခေတ်လူများအတွက် အမှတ်တရ ကုသိုလ်တိုးပွား အကျိုးများစေရန် ဓာတ်ပုံဆရာကိုခေါ်၍ ဘုန်းတော်ကြီး သီတင်းသုံးရာ ပဲခူးအနောက်တောသို့ မရအရ လိုက်ရှာလျက် ဆွမ်းခံရာမှ အပြန်လမ်းမှာပင် 'အရှင်ဘုရား ခေတ္တလျှောက်ထားပါရစေ ' ဟု လျှောက်ထား၍ တစ်ဖက်မှာ သပိတ်နှင့် တစ်ဖက်မှာ ယပ်ကိုချလျက် ထိုင်လိုက်စဉ် အမှတ်တမဲ့ လျို့ဝှက်ခေါ်လာသော ဓာတ်ပုံဆရာက ရသလို ရိုက်ထားလိုက်ရသည်။ (ပဲခူးမြို့၊ ဘုရားလမ်း၊ ဒေါ်မြ၏ မြေး၊ ဦးလေးမောင်ထံ မှရသည်။) (ကျမ်းကိုး။ အရှင်ဇောတိပါလ၊ ဦးသီလ ထေရုပ္ပတ္တိ ဝိဘာဝနီကျမ်း၊ ဒုတိယအကြိမ်၊ ၁၉၈၂၊ ဩဂုတ်) ဘုန်းတော်ကြီး ဦးသီလသည် ပဲခူးမြို့ (မြောက်ပိုင်း) သုံးမိုင်ခန့်ဝေးသော အထက်ဇိုင်းဂနိုင်းကြီးရွာ ဇာတိဖြစ်၏။ သက္ကရာဇ် (၁၁၉၄) ခုနှစ်၊ နတ်တော်လဆန်း (၈)ရက်၊ သောကြာနေ့၊ နံနက်(၈) နာရီတွင် ဖွားမြင်တော်မူ၏။ ငယ်မည်မှာ မောင်ရွှေသာ ဖြစ်၏။ (၂၉) ရက်၊ဧပြီလ၊ (၁၉၀၇) ခုနှစ်၊ နံနက်(၇)နာရီတွင် ခန္ဓာဝန်ချတော်မူ၏။ (ကျမ်းကိုး။ မောင်ပန်းမွှေး၊ ရဟန္တာနှင့်ရဟန်းထူး၊ စာ-၁၆၂၊ ဓမ္မာစရိယ ဦးဌေးလှိုင်၊ စာ-၂၀၈-၂၄၄။ ဦးဇောတိပါလ၊ ဦးသီလ ထေရုပ္ပတ္တိ၊ ဝိဘာဝနီကျမ်းတွင် အပြည့်အစုံ ပါရှိပါသည်။) ဆင်မနင်းသော ရဟန်းထူး၊ ကျားမကိုက်သော ရဟန်းထူး၊ ဓာတ်တော်များ တဖွားဖွား ကျတော်မူသော ဘုန်းတော်ကြီး ဦးသီလကို ကြားဖူးသော်လည်း ဓာတ်တော်များကို ဖူးဖူးသူ အလွန် ရှားပါးသည်။ ထိုသို့ ကြားဖူးရုံမျှဖြင့် ကြည်ညိုနေကြသော ပုဂ္ဂိုလ်များအတွက် ဘုန်းတော်ကြီး ဦးသီလ ၏ ဓာတ်တော်များကို မယုံ၍ မကြည်သောသူများ အတွက်သော် လည်းကောင်း၊ ယုံ၍ ကြည်သောသူများ အတွက်သော် လည်းကောင်း သာသနာ့ အလင်းဂျာနယ်မှ ပူဇော်တင်ပြပါသည်။ သမိုင်းဝင်၊ ဂန္တဝင်မြောက် (၂၀) ရာစု ရဟန္တာ နှင့် ရဟန်းထူး၊ ရဟန်းမြတ်များ ဖြစ်ပါသည်။ ထို့ကြောင့်ပင်လျှင် ရဟန္တာ မဆိတ်သုဉ်းသော မြန်မာနိုင်ငံတော်ကြီးတွင် ပဉ္စမသင်္ဂါယနာလည်း တင်ခဲ့ဖူးပါပြီ။ ဆဌသင်္ဂါယနာ လည်းတင်ခဲ့ဖူးပါပြီ။ ယခုတစ်ဖန် ပွင့်ပေါ် လတ္တံသော သာသနာ (၂၅၀၀) တစ်ဝက် (၅၀၀၀) သို့ ဆက်မည့် သတ္တမသင်္ဂါယနာကြီးသို့ ရည်မျှော်လျက် ဖော်ပြအပ်ပါသည်။
http://www.centralbuddhism.com/blog/2012/01/monk-uthila

No comments:
Post a Comment